မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းကျဆင်းရေး နှင့် မူးယစ်ဆေးဝါး လိင်စိတ်နိုးကြွစေ
သည့်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းမရှိစေရေးတို့အတွက် နေပြည်တော်ရှိ ဆေးဆိုင်များ
အားလုံး ခံဝန်ကတိ ထိုးထားရ သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က
ပြောသည်။
ထို့အတူ ရှောင်တ ခင်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။
"ဒါကျွန်တော်တို့က မဖမ်းချင်လို့ လုပ်ထားတာ။ ပညာပေးကာလ၊ အသိပေးတယ်။ ဖမ်းဆီးရေးလည်း
လုပ်ခဲ့တာ တပ်ကုန်းမြို့နယ်မှာ သုံးမှုမိခဲ့ပါတယ်။ ကျန်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရီစတဲ့မြို့တွေ
လည်း စစ်ဆေးပြီးပါပြီ။ ဖမ်းတာရှိတယ်။ ပညာပေးတာတွေလည်း လုပ်ခဲ့တယ်။
ခံဝန်ဖောက်ဖျက်ရင်လည်း ခံဝန်ဖောက်ဖျက်မှုအတွက် ထောင်ဒဏ်တစ်နှစ် သီးခြားကျခံရမှာ
ဖြစ်ပါတယ်" ဟု ဒုတိယရဲတပ်ဖွဲ့မှူးကြီးက ပြောသည်။ နေပြည်တော်ရဲတပ်ဖွဲ့သည်
သင်္ကြန်ကာလအတွင်းတွင် မှုခင်းကျဆင်းရေးအတွက် လုံခြံုရေးအပြည့် ဖြင့်အင်အားဖြည့်
ထားမည်ဟု သိရသည်။
ယမန်နှစ်က နေပြည်တော်သင်္ကြန်ကာလတွင် အမှုကြီးများ မရှိသလောက်နည်းပါးခဲ့ပြီး
ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု အနည်းငယ်သာဖြစ်ခဲ့သည်ဟု ဒုတိယရဲမှူးကြီးက
မီဒီယာနှင့်တွေ့ဆုံစဉ်ပြောသည်။
"သင်္ကြန်မဏ္ဍပ်ဆောက်ခွင့်ရတယ်ဆို အရက်သောက်ခွင့်၊ မူးယစ်ဆေးတရားဝင်သုံးစွဲခွင့်
ပါမစ်ရသလို ဖြစ်နေပြီ။ စိတ်ကိုပြောင်းလဲစေတဲ့ ထုံထိုင်းမူးယစ်၊ တက်ကြွစေတဲ့မူးယစ်
စတာတွေက လူငယ်တွေကြားမှာ ပျံ့နှံ့နေတာ အရင်နှစ်တွေထက် ပိုများလာတယ်"ဟု
၎င်းကဆက်လက်ပြောသည်။
"ဆိုင်တိုင်းတော့ မဟုတ်ဘူးကြားတယ်။ နာမည်ထွက်ပြီးသားဆိုင်တွေကို အစည်းအဝေးခေါ်လိုက်
တယ်လို့ကြားပါတယ်။ ကျွန်မတို့ဆိုင်ကတော့ ဆိုင်မှတ်ပုံတင်တုန်းကတော့ သေချာပြောတယ်။
ဘယ်လိုဆေး တွေ မရောင်းရဘူးဆိုတာတွေတော့ စစ်ဆေးပြောခဲ့တယ်။ ကျန်တဲ့အချိန်တော့
အစစ်မခံရသေးပါဘူး"ဟု ပျဉ်းမနားမြို့တွင်းရှိ ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
သင်္ကြန်ကာလတွင် အရက်၊ ဘီယာနှင့် မူးယစ်စေသည့်ဆေးဝါးများ ရောင်းချသည်ကို
အထူးတားမြစ် ထားသော်လည်း မဏ္ဍပ်များအနီးတွင် နှစ်စဉ်ရောင်းချနေသည်ကို တွေ့ရသည်။
ထို့အတူစားသောက်ဆိုင်များ တွင်လည်း လွတ်လပ်စွာ ၀ယ်ယူသောက်သုံးနိုင်ကြောင်း
လူငယ်များက ပြောသည်။
















