အစိုးရ သတင်းထုတ်ပြန်ရေး ယန္တရားသစ် စတင်ဖွဲ့စည်း

အစိုးရ သတင်းထုတ်ပြန်ရေး ယန္တရားသစ် စတင်ဖွဲ့စည်း

၀န်ကြီးဌာနများတွင် အများပြည်သူသို့ သတင်းထုတ်ပြန်မှုကဏ္ဍ ပိုမိုကောင်းမွန်ရန်
သတင်းထုတ်ပြန်ရေး ယန္တရားသစ်ကို ယခုလမှစ၍ ဖွဲ့စည်းလျက်ရှိပြီး ၎င်းယန္တရားသစ်သည်
ယခင်အစိုးရနှင့်ဌာနဆိုင်ရာ သတင်းပြန်ကြားရေး အဖွဲ့များထက် လုပ်ငန်းပီပြင်နိုင်ကြောင်း
ပြန်ကြားရေး ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ရုံးမှ အရာရှိတစ်ဦးက ပြောသည်။

၀န်ကြီးဌာနများ၏ သတင်းထုတ်ပြန်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကို
အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု တစ်ရပ်အဖြစ် ဗြူရိုကရေစီ ယန္တရားအတွင်း
အဆင့်အမြင့်ဆုံးအဖြစ် ဖွဲ့စည်းခဲ့သော အမြဲတမ်းအတွင်းဝန်ရုံး၏ အဓိကလုပ်ငန်း ငါးရပ်တွင်
ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

"သတင်းပြန်ကြားရေးက ၀န်ကြီးဌာန အားလုံး လုပ်ရမှာပါ။ ၀န်ကြီးဌာနတိုင်းမှာ
ဒီဌာနရှိတယ်။ ပြင်ပက ဆက်သွယ်လာတာတွေ၊ သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ်ထုတ်ဝေရေး
ဥပဒေ စတဲ့ မီဒီယာဥပဒေတွေမှာပါတဲ့ ၀န်ကြီးဌာနတွေက လုပ်ပေးရမယ့်ဟာတွေကို
လုပ်ရမှာပါ"ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးမှ ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက
ပြောသည်။

ယမန်နှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ စောင့်ဆိုင်းဆဲဖြစ်သည့် သတင်းမီဒီယာ
ဥပဒေတွင် ၀န်ကြီးဌာနများသည် မီဒီယာများသို့ သတင်း၊ အချက်အလက်နှင့် ၎င်းတို့ကို
ရယူရန် လိုအပ်သည့် နေရာထိုင်ခင်း၊ အခြေအနေများ ပေးအပ်ရန် ပြဋ္ဌာန်းထားသည်။

အဆိုပါ သတင်းထုတ်ပြန်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနတွင် တာဝန်ထမ်းဆောင်ရန်
ဒုတိယညွန်မှူးနှင့် လက်ထောက်ညွန်မှူး ရ၀ ဦးခန့်ကို ယူနက်စ်ကိုနှင့် အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) တို့၏ အကူအညီဖြင့် ယခုလဆန်းတွင် ပြန်ကြားရေး
၀န်ကြီးဌာနက သုံးရက်ကြာ လေ့ကျင့် သင်တန်းပေးခဲ့သည်။

ဌာနလုပ်ငန်းများကို ညွှန်ကြားရေးမှူး အဆင့်တစ်ဦး အပါအဝင် ၀န်ထမ်း ၃၀ ခန့်ဖြင့်
လည်ပတ်မည် ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် သတင်းထုတ် ပြန်ရေးအတွက် ၀န်ကြီးဌာနများ၌ ဆက်သွယ်ရန်
ပုဂ္ဂိုလ်၊ သတင်းပြန်ကြားရေးအဖွဲ့ ငယ်များ သတ်မှတ် ဖွဲ့စည်းခဲ့သော်လည်း အဆိုပါပုဂ္ဂိုလ်၊
အဖွဲ့များသည် လက်တွေ့ အလုပ်မဖြစ်ကြောင်း မီဒီယာလုပ်ငန်းများက ဝေဖန်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးသည် သမ္မတရုံး သတင်းထောက်လျှောက်လွှာများခေါ်ယူ၍
ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ကြေညာခဲ့သော်လည်း
ယခုလအထိ မီဒီယာတွေ့ဆုံမှု အနည်းငယ်သာ ပြုလုပ်ခဲ့သည်။

"လက်ရှိ သတင်းထုတ်ပြန်ရေးမှာ အားနည်းချက်တွေ အများကြီး ရှိနေပါသေးတယ်။
သတင်းထောက်တွေနဲ့ ၀န်ကြီးဌာနတွေနဲ့ ဆက်ဆံရေးက ထင်သလောက်
မချောမွေ့သေးဘူးပေါ့။ ဒါတွေလည်း တဖြည်းဖြည်း ချောမွေ့သွားမှာပါ" ဟု ဦးမြင့်ထွေးက
ပြောသည်။

၎င်းဌာနသစ်ကို လက်ရှိတွင် ကျန်းမာရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ
အပါအဝင် ၀န်ကြီးဌာန ၁၁ ဌာနတွင် ဖွဲ့စည်းထားပြီး ကျန်ဝန်ကြီးဌာနများတွင် ဆက်လက်
ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်နှင့် မြန်မာတိုင်း(မ်) စာစောင်၏
သတင်းဒါရိုက်တာ ဦးသီဟစောက ၀န်ကြီးဌာနသတင်းထုတ်ပြန်ရေး ယန္တရားသစ်သည်
အများပြည်သူဝန်ဆောင်မှု ဗြူရိုကရေစီယန္တရားအတွင်း တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု
တိုးတက်စေမည့် ကောင်းမွန်သော ခြေလှမ်း ဖြစ်သော်လည်း သတင်းအချက်အလက်
စီမံခန့်ခွဲမှုများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

"သတင်းအချက်အလက် စီမံခန့်ခွဲတဲ့ပုံစံကို ဘယ်လောက် ပြုပြင်နိုင်မလဲ စောင့်ကြည့်
ရဦးမယ်။ လုပ်နိုင်မယ်ဆိုရင်တော့ ဒီဌာန ဖွဲ့စည်းတာကို ကြိုဆိုပါတယ်" ဟု ၎င်းက
ပြောသည်။

၀န်ကြီးဌာနများတွင် သတင်းအချက်အလက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သီးခြားစီရှိရာ
၎င်းတို့ကို ပြန်လည်သုံးသပ်သင့်ကြောင်းလည်း ၎င်းက ပြောသည်။

"သတင်း အချက်အလက်တွေကို လျှို့ဝှက်တို့၊ ကန့်သတ်တို့ အဆင့်သတ်မှတ်တဲ့
စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေကို ပြန်မသုံးသပ်ဘူး၊ မပြင်ဘူးဆိုရင် ဌာနအသစ်
ဖွဲ့လည်း အလုပ် ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူး"ဟု ၎င်းက ပြောသည်။

နိုင်ငံခြားမီဒီယာတစ်ခု၏ ရန်ကုန်ရုံးခွဲမှ သတင်းသမားတစ်ဦးဖြစ်သူ ဦးစံသာအောင်က
ဌာနသစ်သည် ပီပြင်သော သတင်းအချက်အလက်များထက် အစိုးရ၏ အာဘော်
အချက်အလက်များကိုသာ ထုတ်ပြန်မည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

"အခု သတင်းထုတ်ပြန်ရေး ယန္တရားသစ်မှာ ဥပဒေအရဖြစ်စေ၊ ၀န်ထမ်းတွေရဲ့
သဘောထားဟောင်းတွေကြောင့် ဖြစ်စေ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်တဲ့
ပုံစံတွေ မရှိသင့်တော့ဘူး။ ၀န်ထမ်းအများစုက စနစ်ဟောင်းက လာတာဆိုတော့
ပြည်သူတွေရဲ့ သိပိုင်ခွင့်အတွက် ၀န်ဆောင်မှုပေးတယ်ဆိုတာကို
သဘောမပေါက်တာမျိုးလည်း ဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး