အုပ်ချုပ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန် အမြဲတမ်းအတွင်းဝန်စနစ်အား စတင်ကျင့်သုံးလျက်
ရှိရာ ဧပြီလအတွင်း ၀န်ကြီးဌာန ၁၁ ဌာန၌ အမြဲတမ်း အတွင်းဝန်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၀န်ကြီးဌာနများရှိ ယခင်ဝန်ကြီးရုံးများကို ၀န်ထမ်းအင်အား ပျမ်းမျှ လေးဆခန့်စီ တိုးချဲ့၍
အမြဲတမ်းအတွင်းဝန်ရုံးများ အဖြစ် ပြင်ဆင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အတွင်းဝန်သည် သက်ဆိုင်ရာ
၀န်ကြီး၊ ဒုတိယ ၀န်ကြီးများနှင့်အတူ ရုံးထိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တော၊ အားကစား၊ ပြန်ကြားရေး၊ ကာကွယ်ရေး၊
နယ်စပ်ရေးရာနှင့် ကျန်းမာရေး အပါအဝင် ၀န်ကြီးဌာန ၁၁ ဌာန၏ အတွင်းဝန်ရုံး
ဖွဲ့စည်းပုံများကို ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းအတွင်းဝန်များကိုမူ သင်္ကြန်ပိတ်ရက်
အကြို ဧပြီလ ၁၀ ရက်တွင် အတည်ပြု ခန့်အပ်ခဲ့သည်။
အမြဲတမ်းအတွင်းဝန် ရုံးသစ်တွင် ဌာနခွဲ ငါးဌာန ပါရှိပြီး မူဝါဒရေးရာ၊ စီမံချက်ဆိုင်ရာနှင့်
စောင့်ကြည့်အကဲဖြတ်ခြင်း၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာရေးနှင့်
စီမံရေးရာ ဌာနများ ပါ၀င်သည်။
"အရင် ၀န်ကြီးရုံးက အခုအမြဲတမ်း အတွင်းဝန်ရုံး ဖြစ်သွားတာပေါ့။ "၀န်ကြီးဌာနအားလုံးမှာ
ဖွဲ့စည်းပုံက အတူတူပါပဲ။ ၀န်ထမ်း စုစုပေါင်း ၁၆၀ ကျော် ပါတယ်"ဟု ပြန်ကြားရေး
၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ရုံးမှ ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ဧပြီလ ၂၂ ရက်တွင်
ပြောကြားခဲ့သည်။
အမြဲတမ်း အတွင်းဝန်ရုံးများသည် ၀န်ကြီးအပါအဝင် မူဝါဒချမှတ်သူများနှင့်
ညှိနှိုင်းဆွေးနွေးခြင်း၊ စီမံချက်ဒီဇိုင်းများ ရေးဆွဲချမှတ်ခြင်းနှင့် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊
အများပြည်သူ သတင်းထုတ်ပြန်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ ၀န်ကြီးဌာနတွင်း
စာရင်းစစ်ခြင်းနှင့် စီမံရေးရာ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။
ကျန်ရှိသည့် ၀န်ကြီးဌာန ၂၅ ဌာနတွင်လည်း အမြဲတမ်းအတွင်းဝန်ရုံးများ ဆက်လက်
ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း ရက်အတိအကျ မသိရှိကြောင်း၊ နိုင်ငံတော်သမ္မတ၏
စီးပွားရေးအကြံပေးနှင့် နေပြည်တော်တွင် အမြဲတမ်းအတွင်းဝန် သင်တန်းများကို စီစဉ်ခဲ့သူ
ဒေါက်တာဇော်ဦးက ပြောသည်။
သို့ရာတွင် ဆက်လက်ဖွင့်လှစ်မည့် အမြဲတမ်းအတွင်းဝန်ရုံးများတွင် တာဝန်ထမ်းဆောင်မည့်
အရာရှိများကိုမူ ၀န်ကြီးဌာန အားလုံးအတွက် သင်တန်းပေးပြီး ဖြစ်ကြောင်း ဦးမြင့်ထွေးက
ပြောသည်။
လုပ်ငန်းတစ်ခုစီအတွက် အရာရှိ ရ၀ ဦးခန့်စီကို ဧပြီလ အစောပိုင်းအတွင်း လုပ်ငန်းဆိုင်ရာ
၀န်ကြီးဌာနများက သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်သည်။
"အမြဲတမ်းအတွင်းဝန်ရုံးမှာ လုပ်ကိုင်မယ့် ၀န်ကြီးဌာနအားလုံးက အရာရှိတွေကို
သင်တန်းပေးပြီးပါပြီ။ သတင်းထုတ်ပြန်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးအတွက် ကျွန်တော်တို့
၀န်ကြီးဌာနက သင်တန်းပေးတယ်။
"စီမံချက်ဆိုင်ရာကို အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ စာရင်းစစ်ကို
ဘဏ္ဍာရေး၊ မူဝါဒဆိုင်ရာကို သမ္မတရုံးက ပေးတယ်"ဟု ဦးမြင့်ထွေးက ပြောသည်။
မီဒီယာ သတင်းဖော်ပြချက်များအရ ဖွင့်လှစ်ပြီးသည့် ၀န်ကြီးဌာန ၁၁ ဌာနတွင်
စီးပွား/ကူးသန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ၊ စက်မှု ၀န်ကြီးဌာန
များလည်း ပါ၀င်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
ညွန်ကြားရေးမှူးချုပ်(ဟောင်း) ဦးတင့်ဆွေက ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းမှာ လကုန်ရက်အထိ
ပြည်ပခရီးသွား ရောက်လျက်ရှိသည်။
"ရုံးကတော့ အလုပ် လုပ်နေပါပြီ။ ဖွဲ့စည်း ပုံအသစ်ဆိုတော့ လောလောဆယ်တော့
ဖွဲ့စည်းပုံချတာ လုပ်နေရသေးတာပေါ့" ဟု ဦးမြင့်ထွေးက ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးမှ
၀န်ထမ်းတစ်ဦးကလည်း ၎င်းရုံးတွင် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ အပါအဝင်
၀န်ထမ်းများသည် လုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း ဧပြီလ ၂၂ ရက်တွင်
ပြောသည်။
"အမြဲတမ်းအတွင်းဝန်ရုံး ဖွင့်နေပါပြီ။ ဒီနေ့ ရုံးသစ်က အရာရှိတွေ အကုန်လုံး အစည်းအဝေး
လုပ်ပြီး လုပ်ငန်း စလုပ်ပါတယ်" ဟု ၎င်းက ပြောသည်။

















