သန်းခေါင်စာရင်း ပင်မအချက်အလက်များ မေနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်

သန်းခေါင်စာရင်း ပင်မအချက်အလက်များ မေနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးကောက်ယူခဲ့သည့် လူဦးရေနှင့်
သန်းခေါင်စာရင်း လုပ်ငန်းစဉ်မှရရှိသော ပင်မအချက်အလက်များကို ယခုမေလ
နောက်ဆုံးပတ်တွင် တရားဝင်ထုတ်ပြန်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

"ဘယ်ရက်ဖြစ်မလဲဆိုတာတော့ လော လောဆယ် မပြောနိုင်သေးဘူး။ ဒါပေမဲ့
မေနောက်ဆုံးပတ်ထဲမှာ ထုတ်ပြန်မယ်ဆိုတာတော့ သေချာတယ်"ဟု ၎င်းက မြန်မာ
တိုင်း(မ်)ကို ဧပြီလ ၂၉ ရက်နေ့က ပြော ကြားခဲ့သည်။ ကောက်ယူ ရရှိထားသော
ကိန်းဂဏန်း များသည် နိုင်ငံတကာအကြံပေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့်လည်း တိကျခိုင်မာသော
ကိန်းဏန်းများဖြစ်ကြောင်း ပြောသည်။

"လုပ်ငန်းတိုင်းအဆင့်တိုင်းမှာ နိုင်ငံတကာစံနှုန်းနဲ့ညီလားဆိုပြီးတော့
လိုက်ပြီး စစ်ဆေးနေတဲ့အဖွဲ့တွေ ရှိပါတယ်။ အဲဒီ အဖွဲ့တွေရဲ့ အစစ်ဆေး
ခံပြီးလုပ်ထားတာ ဖြစ်တဲ့အတွက် အင်မတန်ခိုင်မာတဲ့ သတင်း အချက်
အလက်တွေ ရရှိထားပါတယ် လို့ ပြောချင်ပါတယ်"ဟု ဦးမြင့်ကြိုင်က
ပြောသည်။

နောက်ဆုံး အချက်အလက်များထုတ် ပြန်ရာတွင် စာအုပ်၊ စီဒီ၊
လက်ကမ်းစာ စောင်စသည့်တို့ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ပြီး
အင်တာနက်ဝက်ဘ်ဆိုက်များမှ လည်း ထုတ်ပြန်သွားမည်ဖြစ်သည်။ စာအုပ် ဖြင့် ထုတ်ဝေ
ရာတွင် ထည့်သွင်းရမည့် အချက်အလက် များပြားလွန်းသောကြောင့် သောင်းဏန်းသာ
ထုတ်ဝေသွားနိုင်မည် ဖြစ်ပြီး စီဒီချပ်များဖြင့် ပိုမိုထုတ်ဝေသွားရန် စီစဉ်လျက်ရှိသည်။ "ကျွန်တော်တို့ မှန်းထားတာကတော့ သောင်းနဲ့ချီ(စာအုပ်) ထုတ်ဝေမှာဖြစ်ပါ တယ်။ ဒါပေမဲ့ စာအုပ်တစ်အုပ်ရဲ့ ပမာဏ က တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုချင်းမှာပဲ လက်နှစ်လုံး၊ သုံးလုံးလောက်ရှိတော့ တစ်နိုင်ငံလုံးအနေအထားနဲ့ဆိုရင် စာအုပ် က တစ်တောင်ကျော်လောက် ရှိမှာပေါ့" ဟု ၎င်းကပြောသည်။ ထို့ပြင် သာမန်ပြည်သူများဖတ်ရှု လေ့လာနိုင်ရန်အတွက်လည်း အနှစ်ချုပ် ဖော်ပြထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဖြစ်ရာ အရေအတွက်အားဖြင့် သိန်းဂဏန်းအထိထုတ်ဝေရန် ရည်မှန်းထားသည်။

"အဲဒီဟာက လူအများစုအသုံးပြုလို့ ရနိုင်တယ်။ ဥပမာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်
အုပ်ချုပ်ရေးမှူးလောက်ကနေစပြီး သာမန်ကုမ္ပဏီပိုင်ရှင် တစ်ယောက်အထိ သုံးလို့ရတဲ့
အချက်အလက်တွေကို လက်ကမ်းစာစောင်နဲ့ ထုတ်ဝေမယ်၊ အဲဒီဟာကတော့ အများကြီး
ထုတ်မယ်၊ သိန်းနဲ့ချီထုတ်မယ်"ဟု ဦးမြင့်ကြိုင်က ပြောသည်။

လက်ရှိတွင်မူ ကောက်ယူရရှိထားသော သတင်းအချက်အလက်များသည် စက်များ
အတွင်းတွင်ပင် ရှိနေသေးကာ ကိန်းဏန်း အချက်အလက်များ ပြင်ပသို့ပေါက်ကြား
မည်ကို စိုးရိမ်သောကြောင့် စာအုပ်များ လည်း ရိုက်နှိပ်ရခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်က ဆောင် ရွက်နေသော နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်
ရာတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမ္ဂလက်အောက်ခံအဖွဲ့အစည်း
များက ဆောင်ရွက် နေသော စီမံကိန်းများ ဖော်ဆောင်ရာတွင် လည်းကောင်း လို
အပ်သောအချက်အလက်များ ခိုင်မာမှုအားနည်းလျက်ရှိရာ ယင်းလိုအပ်ချက်များကို လာမည့်မေလ နောက်ဆုံးပတ်မှစတင်ကာ ဖြည့်ဆည်း နိုင်တော့မည်ဟု
ဦးမြင့်ကြိုင်က ပြောကြား လိုက်သည်။ "အဲဒါကို ကျွန်တော်တို့က မေလ
နောက်ဆုံးပတ်မှာဖြည့်ဆည်းပေးနိုင်တော့ မယ်လို့ပြောချင်ပါတယ်"ဟု
၎င်းက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး