လူဦးရေ ထိန်းညှိခြင်း ဥပဒေကြမ်း၌ အသုံးအနှုန်းအချို့ ပြင်ဆင်ရန် လိုအပ်

လူဦးရေ ထိန်းညှိခြင်း ဥပဒေကြမ်း၌ အသုံးအနှုန်းအချို့ ပြင်ဆင်ရန် လိုအပ်

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ
ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အသုံးအနှုန်းများကိုပြင်ဆင်ရန်
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဘောထားမှတ်ချက် ပြန်လည်ပေးပို့ခဲ့သည်။

အဆိုပါဥ ပဒေကြမ်းတွင်ပါရှိသော ပြဋ္ဌာန်းချက်များတွင် သုံးနှုန်းထားသည့် အသုံးအနှုန်းများသည်
လက်ရှိတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံပါ ရာထူး၊ ဌာန
အသုံးအနှုန်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် ပြင်ဆင်သင့်ကြောင်း ဧပြီလ ၉ ရက်နေ့
ရက်စွဲဖြင့်ပေးပို့ထားသည့် ပြန်ကြားစာတွင် ဖော်ပြထားသည်။

ဥပဒေကြမ်းတွင် ကျန်းမာရေးဦးစီးဌာနဟု ဖော်ပြထားသော အသုံးအနှုန်းများအား
ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟု ပြင်ဆင်သင့်ကြောင်း၊ မြို့နယ်ကျန်းမာရေးမှူးဟူသည့်
စကားရပ်အစား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးဟု ပြင်ဆင်သင့်ကြောင်း ပြန်ကြားစာတွင်
ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်သည် အထက်ပါ ဥပဒေကြမ်းကို ဧပြီလ ၆ ရက်နေ့တွင် အတည်ပြု
ပြီးနောက် သမ္မတထံသို့ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ထားခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက
မေ ၁၃ ရက်နေ့တွင် နောက်ဆုံးထား အမည်စာရင်း ပေးရမည်ဖြစ်သော်လည်း ကျန်းမာရေး
၀န်ကြီးဌာန၏ ပြင်ဆင်ဖွဲ့စည်းပုံအရ အသုံးအနှုန်းများကိုသာ ပြင်ဆင်ရန်ဖြစ်သောကြောင့်
ကန့်ကွက်ဆွေးနွေးလိုသူ မရှိနိုင်ကြောင်း ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်
ဦးနိန်းခင်းပေါင်က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး