တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများအတွက် ယခုဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန် ကျပ် ၆၅ ဘီလျံ
လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ်
ပါမောက္ခ ဒေါက်တာမြင့်ဟန်က ပြောသည်။
"သာမန်အသုံးစရိတ်ကနေပြီး ဆေးဝါးဝယ်ယူရေးအတွက် သန်းပေါင်း ၆၅,၀၀၀ လျာထားပါတယ်။
စက်ပစ္စည်း(၀ယ်ယူရေး)ကိုလည်း ကျပ်သန်းပေါင်း ၉၉,၄၃၂ သန်း၊ ဆောက်လုပ်ရေး(ဆေးရုံ)
အတွက် အားလုံး စုစုပေါင်းကျပ်၂၇၀,၄၀၂ သန်း လျာထားတာ ရှိပါတယ်"ဟု ၎င်းက
နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ မေလ ၄ ရက်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
တွင် ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ
ကုသရေးဦးစီးဌာန တစ်ခုတည်းအတွက် ယခုဘဏ္ဍာနှစ်တွင် သာမန်အသုံး စရိတ် ကျပ် ၂၃၃
ဒသမ ၉ ဘီလျံခန့် လျာထားပြီး ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၂၆၉ ဒသမ ၈ ဘီလျံခန့်
လျာထားသည်ကို တွေ့ရသည်။
ကျန်းမာရေး ၀န်ကြီးဌာနကို ပြုပြင် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ကျန်းမာရေးဦးစီးဌာနကို ယခုနှစ်တွင်
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ယမန်နှစ်က ကျန်းမာရေးဦးစီးဌာနအတွက် စုစုပေါင်း အသုံးစရိတ် ကျပ် ၆၂၄ ဒသမ ၃၉၀ ဘီလျံသာ
လျာထားခဲ့သော်လည်း ယခုနှစ်တွင် ဌာနနှစ်ခု၏ စုစုပေါင်းအသုံးစရိတ်အဖြစ် ကျပ် ၆၉၁ ဘီလျံ
ရှိလာသည်။
အစိုးရက ကျန်းမာရေးအသုံးစရိတ်အတွက် ပိုမိုအသုံးပြုလာသလို အစိုးရဆေးရုံများတွင်
လာရောက်ပြသသည့် လူနာအရေအတွက် ပိုမိုများပြားလာသည်ဟု ဒေါက်တာ မြင့်ဟန်က
ပြောသည်။
"ရန်ကုန်ဆေးရုံကြီးမှာဆိုရင် တစ်ခါတစ်ခါ စာသင်ခန်းမှာပါ လူနာထားရပါတယ်။ ပြောရရင်
တစ်နေ့တစ်နေ့လိပ်ပတ်လည်အောင် လုပ်ရပါတယ်။ ဆေးရုံမှာ ပြုစုထားတဲ့ စာရင်းအရ
၂၀၀၈ ခုနှစ်မှာ ဆေးရုံတက်ကုသတဲ့သူ ၂၅,၇၄၀ ဦးရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၆၂,၄၇၈ ဦးရှိပါတယ်။
အားလုံးဟာ သုံးဆတက်လာပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးကို လက်ရှိ ခုတင် ၁,၅၀၀ မှ ခုတင် ၂,၅၀၀ ဆ့ံ ပြည်သူ့ ဆေးရုံကြီး
အဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ ဆေးရုံတွင် အဆင့်မြင့်ကိရိယာများကိုလည်း တိုးချဲ့ တပ်ဆင်လျက်ရှိသည်။
ထို့ပြင် တစ်နိုင်ငံလုံးရှိ ဆေးရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ ၂၀၁၀ - ၁၁ တွင် ဗဟိုအဆင့်မှ
တိုက်နယ်အဆင့်အထိ ဆေးရုံ ၈၉၇ ရုံသာ ရှိခဲ့ရာမှ ၂၀၁၄ - ၁၅ တွင် ၁,၀၂၉ ရုံ ရှိလာသည်။
ထိုကဲ့သို့ ဆေးရုံများ တိုးချဲ့တည်ဆောက်ပေးနေသော်လည်း တိုးလာသည့် လူနာဦးရေကြောင့်
ခုတင်မလောက်မငမှုများ ရှိနေသေးသလို ဆရာဝန်နှင့် သူနာပြုများအပေါ် လူနာများက
အမြင်လွဲမှုများလည်း ရှိနေသေးသည်။
"ကျွန်တော်တို့ ၀န်ထမ်းအင်အားနဲ့ တက်ရောက်လာတဲ့ လူနာအင်အား မမျှတာလည်း ပါပါတယ်။
ကျွန်တော်တို့ဆီမှာ ဒီအချက်က အားနည်းတယ်ဆိုတာ ၀န်ခံရမှာဖြစ်သလို ဆေးရုံက ဆရာဝန်၊
သူနာပြုတွေနဲ့ အခြား ၀န်ထမ်းတွေကိုလည်း သင်တန်း(လူမှုဆက်ဆံရေးသင်တန်း)ပေးဖို့
စီစဉ်သွားမှာ ဖြစ်ပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ
ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
သို့သော်လည်း လူနာများဘက်ကလည်း စိတ်ရှည်ရှည်ထားရှိရန် လိုအပ်မည်ဟု ၎င်းက
ပြောသည်။
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူများက တိုင်ကြားလာသည့် စာများတွင်လည်း
ဆရာဝန်နှင့် သူနာပြုများ၏ လူနာအပေါ်ဆက်ဆံမှုကို မကျေနပ်သည့် တိုင်ကြားစာမှာ
အများဆုံးဖြစ်ကြောင်း ဒေါက်တာမြင့်ဟန်က ပြောသည်။

















