သစ်ခိုးထုတ်မှုများ ကူညီတားဆီးပေးရန် ပြည်သူများနှင့် ဒေသအာဏာပိုင်များကို သစ်တောဦးစီးဌာန ပန်ကြား

သစ်ခိုးထုတ်မှုများ ကူညီတားဆီးပေးရန် ပြည်သူများနှင့် ဒေသအာဏာပိုင်များကို သစ်တောဦးစီးဌာန ပန်ကြား

နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် တရားမဝင်သစ်ခိုးထုတ်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်း
လိုသော်လည်း ၀န်ထမ်းအင်အားနှင့် ထိန်းသိမ်းရသည့် ဧရိယာပမာဏ အချိုးမညီမျှမှုကြောင့်
အခက်အခဲများဖြစ်ပေါ်နေရာ ပြည်သူများနှင့် ဒေသဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအနေဖြင့်
ပူးပေါင်း ပါ၀င်စေလိုကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊
သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောသည်။

သစ်တောဦးစီးဌာနက တာဝန်ယူထိန်း သိမ်းကာကွယ်စောင့်ရှောက်ရမည့် သစ်တောကြိုးဝိုင်းနှင့်
ကြိုးပြင် ကာကွယ်တောဧက စုစုပေါင်း ၄၁ သန်းကျော်ရှိနေပြီး၊ ကာကွယ်ထိန်းသိမ်းသည့်
တောလုပ်ငန်း ဆောင်ရွက်သည့် ၀န်ထမ်းအင်အားမှာ ၆,၂၂၈ ဦးသာရှိသောကြောင့်
၀န်ထမ်းတစ်ဦးလျှင် ၆,၆၅၅ ဧကခန့် တာဝန်ယူနေရသည်။

"၀န်ထမ်းအင်အား ၆,၀၀၀ ကျော်နဲ့ တွက်လိုက်ရင် ၀န်ထမ်းတစ်ဦးဟာ ဧက ၆,၀၀၀ ကျော်ကို
အချိုးကျတာဝန်ယူနေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး
အဖွဲ့အစည်းနဲ့ တာဝန်သိပြည်သူအားလုံး ပါ၀င်ဆောင်ရွက်ဖို့ ပန်ကြားလိုပါတယ်"ဟု အဆိုပါ
၀န်ကြီးရုံးတွင် မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်မင်းက
ပြောကြားခဲ့သည်။

မြန်မာ့သစ်တော အရင်းအမြစ်များကို နေရာအနှံ့၌ ခိုးထုတ်ခံနေသည့်အနက် တရုတ်နိုင်ငံသို့
တင်ပို့ရန်လက်လှမ်းမီသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်းတို့တွင်မူ အလုံးအရင်းဖြင့် ခိုးထုတ်လျက်ရှိကြောင်း တာဝန်ရှိသူများက
ပြောကြားကြသည်။

ထို့ပြင် လက်ရှိတွင် သစ်ခိုးထုတ်သူများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းသို့
ပစ်မှတ်ထားလာကြောင်းလည်း ဦးဇော်မင်းက ပြောသည်။

"သစ်တောသယံဇာတနဲ့ မျိုးကောင်းတဲ့ သစ်တွေ အများအပြား ကျန်နေသေးတယ်။ ဒါကြောင့်
တရားမဝင်သစ်ထုတ်တဲ့ သူတွေဟာ ဒီနယ်မြေကို ပစ်မှတ်ထားပြီး ဆောင်ရွက်နေကြတယ်"ဟု
၎င်းက ပြောသည်။

ယခုမေလ ဒုတိယပတ်အတွင်း နယ်မြေဝန်ထမ်းများထံမှ သတင်းရရှိချက်နှင့် တာဝန်သိဒေသခံ
ပြည်သူများ၏ သတင်းပေးပို့မှုအရ ကသာခရိုင်သို့ အထူးစီမံချက်တစ်ရပ်အနေဖြင့်
သွားရောက်ဖမ်းဆီးခဲ့ရာ ခုနစ်ရက်အတွင်း သစ်မျိုးစုံ ၁,၆၀၄ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း
တရားဝင်ထုတ်ပြန်သည်။

အဆိုပါစီမံချက်ကာလအတွင်း တရားခံ ၁၅ ဦး၊ ခြောက်ဘီးယာဉ်သုံးစီး၊ သစ်ခွဲအင်ဂျင် ၂၄ လုံး၊
ချိန်းဆော(သစ်ခုတ်စက်) ၂၂ လက်၊ သစ်သယ်ရာတွင် အသုံးပြုသည့် ထွန်စက်နောက်တွဲ နှစ်တွဲ၊
သုံးဘီးဆိုင်ကယ် တစ်စီး၊ ဆိုင်ကယ် သုံးစီး၊ လှည်းသုံးစီးနှင့် ကျွဲသုံးကောင်၊ နွားသုံးကောင်တို့ကို
ဖမ်းဆီးရမိခဲ့သည်။

လူဦးရေ တိုးတက်လာခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အခြားဝင်ငွေရလမ်းရှားပါးခြင်း၊
အရင်းနည်းနည်းဖြင့် အကျိုးများများရနိုင်ခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြံုရေး အားနည်းခြင်း၊
လက်နက်ကိုင်အဖွဲ့အစည်းအချို့က အဓိကဝင်ငွေရလမ်းအဖြစ် ဆောင်ရွက်နေခြင်း၊
သစ်ခုတ်လှဲထုတ်လုပ်ရန် ယာဉ်နှင့်ကိရိယာများ ပေါများခြင်း၊ ၀န်ထမ်းအဖွဲ့ အစည်းများအတွင်း
အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းစသည့်တို့ကြောင့် တရားမဝင်သစ်ခိုးထုတ်မှုများ
များပြားလာကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးနိုင်ခဲ့သည့် စာရင်းများအရ ၂၀၁၁ - ၁၂တွင်
တန်သုံးသောင်းကျော်၊ ၂၀၁၂ - ၁၃ တွင် တန်သုံးသောင်းတစ်ထောင်ကျော်၊ ၂၀၁၃ - ၁၄ တွင်
တန်လေးသောင်းခွဲကျော်နှင့် ၂၀၁၄ - ၁၅ တွင် တန်ငါးသောင်းတစ်ထောင်ကျော်ရှိခဲ့သည်။

ယခု ၂၀၁၅ ခုနှစ်၊ ဧပြီတစ်လထဲတွင် တန်ခုနစ်သောင်းခန့် ဖမ်းဆီးထားပြီး ဖြစ်သည်။

"ဒါကခိုးထုတ်တဲ့ အရေအတွက် မဟုတ်ပါဘူး။ ခိုးထုတ်တာကတော့ ဒီထက်များမယ်"ဟု
ဦးဇော်မင်းက ပြောသည်။

နယ်စပ်ဒေသများတွင် တရုတ်နိုင်ငံက ချိန်းဆောများကို ကျပ်ငွေ ခုနစ်သောင်းခန့်ဖြင့် ၀ယ်ယူနိုင်ကာ
တွင်ကျယ်စွာ အသုံးပြုလာခြင်းကြောင်းလည်း အဖိုးတန်သစ်တော သယံဇာတများ အလွယ်တကူ
ဆုံးရှုံးနေပြီး နှစ် ၃၀၊ ၄၀ ခန့်သက်တမ်းရှိသည့် ကျွန်းပင်များသည် ၁၅ မိနစ်၊ နာရီဝက်အတွင်း
ဆုံးရှုံးသွားနေရကြောင်း ၎င်းက ပြောသည်။

"အရင်က လက်ဆွဲလွှတွေနဲ့ ခုတ်လို့ အချိန်ယူရပေမယ့် ဒီခေတ် ခုနစ်သောင်းတန် ချိန်းဆောနဲ့
သစ်ပင်တစ်ပင်ခုတ်ဖို့ဟာ ၁၅ မိနစ်၊ အလွန်ဆုံး နာရီဝက်ပဲ ကြာပါတယ်။ အဲဒီတော့
ဖမ်းမိသည်ဖြစ်စေ၊ မဖမ်းမိသည်ဖြစ်စေ ၁၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ သစ်ပင်တပင်ဟာ
ဆုံးရှုံးသွားပြီဖြစ်ပါတယ်" ဟု ဦးဇော်မင်းက ပြောသည်။

အထူးသဖြင့် တရုတ်နိုင်ငံသို့ အများဆုံး ခိုးယူတင်ပို့နေခြင်းဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့်
ထိန်းသိမ်းရန် ပြောကြားခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ပေးမှု မရှိကြောင်း ၎င်းကဆိုသည်။

"တရုတ်နိုင်ငံကိုရောက်တိုင်း နယ်စပ်ဒေသအာဏာပိုင်တွေကို သွားပြောတယ်။ သူတို့က
လုပ်ပေးပါမယ်လို့ပြောပေမယ့် အခုချိန်ထိ ထိထိရောက်ရောက် တားဆီးမှု မတွေ့ရပါဘူး" ဟု
ဦးဇော်မင်း ကပြောသည်။

"သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေ များပြားလာရတဲ့ အပိုင်းတွေက ခုနစ်ခုလောက်က အဓိက
ကျနေတယ်။ အဓိကအကြောင်းရင်းက တာဝန်ရှိအဖွဲ့အစည်းများအတွင်း အကျင့်ပျက်ခြစားမှုတွေ
ရှိနေတာပါ" ဟု ၎င်းက ဆိုသည်။

သစ်ခိုးထုတ်မှုနှင့် ဆက်စပ်နေသူဝန်ထမ်းများကို အရေးယူရာတွင် ယခင်က ၀န်ထမ်းဥပဒေအရသာ
အရေးယူခဲ့သော်လည်း ယခုတွင်မူ တရားစွဲဆိုသည်အထိ အရေးယူလျက်ရှိသည်။

ယခုအစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှု အပါအဝင် အကြောင်းအမျိုးမျိုး ဖြင့်အရေးယူခဲ့သည့်
၀န်ထမ်းပေါင်း ၂,၀၀၀ ကျော်ရှိသည့်အနက် တရားမဝင်သစ်ခိုးထုတ်မှုတွင် ဆက်စပ်ပါ၀င်ခဲ့သည့်
၀န်ထမ်း ရ၀၀ ကျော်ကို တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ယခုနှစ်အစောပိုင်းက ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်သည့် ဂိုဏ်းကြီးတစ်ခုကို တပ်မတော်က
ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး နောက် သစ်တောသယံဇာတထိန်းသိမ်းရေးကို ယခင်ထက်ပိုမို
အာရုံစိုက်လာသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး