မြန်မာနိုင်ငံတွင် အစိုးရဌာနများနှင့် ပြည်သူများ၏ အွန်လိုင်းအသုံးပြုမှုရာတွင် လုံခြံုရေး
ဆောင်ရွက်ပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည်
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြံုရေးဦးစီးဌာနကို စတင်ဖွဲ့စည်းလိုက်ပြီ
ဖြစ်သည်။
အဆိုပါဌာနဖွဲ့စည်းရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု
အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ကာ ဌာနအနေဖြင့် အစိုးရ၏ E-Government
လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြည်သူများ၏ အွန်လိုင်းသုံးစွဲမှုများကိုလည်း လုံခြံုရေး
၀န်ဆောင်မှု ပေးသွားမည်ဖြစ်သည်။
"အဓိကကတော့ နိုင်ငံနဲ့ ပြည်သူတွေကို လုံခြံုစိတ်ချစွာနဲ့ အွန်လိုင်းတွေ သုံးစွဲနိုင်ဖို့အတွက်
ရည်ရွယ်ပြီးတော့ ဆောင်ရွက်တဲ့ ဌာနသစ်ဖြစ်ပါတယ်"ဟု သတင်းအချက်အလက် နည်းပညာနှင့်
ဆိုက်ဘာလုံခြံုရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက မေလ ၂၉ နေ့က
သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အင်တာနက်အသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ လူမှုကွန်ရက်များပေါ်တွင် အမျိုးသမီးငယ်များကို
ခြိမ်းခြောက်ခြင်း၊ သိက္ခာကျဆင်းစေရန် ဆောင်ရွက်မှုကဲ့သို့ ဖြစ်ရပ်များလည်း ဖြစ်ပေါ်လာသည်။
ဌာနဆိုင်ရာများနှင့် ပြည်သူများသည် အင်တာနက်နှင့် အီးမေးလ်စသည်ဖြင့် အွန်လိုင်းသုံးစွဲမှုများ
ကျယ်ပြန့်လာမည်ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများ ကြံုလာနိုင်သောကြောင့် ကြိုတင်သတိပေးခြင်း
နှင့် ကာကွယ်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးစိုင်းစောလင်းထွန်းက ပြောသည်။
"နောက်ပိုင်းမှာ အွန်လိုင်းကနေ ငွေပေးချေမှုတွေ ရှိလာမယ်။ အဲဒီမှာကိုယ့်ရဲ့ Password တွေ
ခိုးသွားတာ ရှိချင်ရှိမယ်။ အထဲမှာ ၀င်ပြီးတော့။ ဒါမျိုးတွေ ရှိတတ်တဲ့ အခါကျတော့ အသိပညာ
ပေးဖို့ရယ်၊ လုံခြံုအောင်လုပ်ဖို့ရယ် တစ်ဖက်ကလည်း ဖြေရှင်းဖို့ ရည်မှန်းချက်ထားရှိတယ်။ အဲဒီလို
တိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကြိုတင်ပြီး သိရှိနိုင်အောင်လည်း ကြိုးစားမယ်။ တစ်နည်းအားဖြင့်
ပြောရရင် အွန်လိုင်း အသုံးပြုသူတွေရဲ့ လုံခြံုရေး စိတ်ချရအောင် ဆောင်ရွက်မယ်" ဟု
ဦးစိုင်းစောလင်းထွန်းက ပြောသည်။
ဌာနသစ်ကိုဖွဲ့စည်းရာတွင် လက်ရှိ ပညာရှင်ပိုင်းအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ခွဲထွက်လာသော E-Government ဆောင်ရွက်နေသည့် ပညာရှင်များနှင့် ဖွဲ့စည်းထားပြီး
နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
"လောလောဆယ်တော့ ဆိုက်ဘာလုံခြံုရေးအဆင့်ကို ကျွန်တော်တို့က တရားဝင်ဌာနတစ်ခု
အနေနဲ့ စဖွဲ့တာပါ။ အခု အာဆီယံ ဒေသခွဲ၊ အာရှ - ပစိဖိတ်ဒေသအားလုံးကို ချိတ်ဆက်
ထားပြီးသားပါ။ တစ်ခုခု ဖြစ်တယ်ဆိုတာနဲ့ တစ်ဖက်နဲ့တစ်ဖက် ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းကြတယ်။
နောင်ဆိုရင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖို့ရှိတယ်။
သဘောတူစာချုပ်တွေ လက်မှတ် ထိုးသွားဖို့ရှိတယ်"ဟု ဦးစိုင်းစောလင်းထွန်းက ပြောသည်။
ထို့ပြင် ဥပဒေအရအရေးယူခြင်းများ ဆောင်ရွက်ရန်အတွက်လည်း အီလက်ထရွန်းနစ်နည်းဥပဒေနှင့်
ဆိုက်ဘာဥပဒေများ ဆက်လက်ရေးဆွဲလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

















