တစ်နှစ်အောက် ကလေးငယ်များကို ၀မ်းပျက်ဝမ်းလျှော ကာကွယ်ဆေးထိုးပေးရန် စီစဉ်

တစ်နှစ်အောက် ကလေးငယ်များကို ၀မ်းပျက်ဝမ်းလျှော ကာကွယ်ဆေးထိုးပေးရန် စီစဉ်

ကလေး ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသည့် ရိုတာဗိုင်းရပ်စ်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး
ကာကွယ်ဆေးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ထိုးနှံပေးနိုင်ရန် စီစဉ်နေကြောင်း
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး
ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ကလေးဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု၏ လေးပုံတစ်ပုံသည် ရိုတာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရာ
ထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် တစ်နှစ်အောက်ကလေး အားလုံးကို ကာကွယ်ဆေး
ထိုးနှံပေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

"လူကြီးဝမ်းပျက် ၀မ်းလျှောဖြစ်လို့ ကုသရင်ပျောက်လွယ်တယ်။ ကလေးဝမ်းပျက်ဝမ်းလျှောရောဂါက
ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ချက်ချင်းမပျောက်ဘူး။ ကလေး ၀မ်းပျက်ဝမ်းလျှောဖြစ်ရတဲ့
အကြောင်းအရင်းတွေထဲမှာ တခြားပိုးတွေထက် ရိုတာဗိုင်းရပ်စ်ကြောင့် လေးပုံတစ်ပုံလောက်
ဖြစ်တယ်။ ဒါကြောင့် ရိုတာဗိုင်းရပ်စ်ကာကွယ် ဆေးထိုးပေးနိုင်ဖို့ လုပ်နေတာဖြစ်ပါတယ်"ဟု
ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

လက်ရှိတွင် ကလေးငယ်တစ်ဦးလျှင် ကာကွယ်ဆေး ရှစ်မျိုးခန့် ထိုးနှံပေးနေပြီး လာမည့်
အောက်တိုဘာလတွင်လည်း ယူနီဆက်ဖ်၏ ငွေကြေးပံ့ပိုးမှုဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း
လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

"ကာကွယ်ဆေးထိုးလုပ်ငန်း အခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်တာတွေကို ကမ်ပိန်း
လုပ်သွားမယ်။ အောက်တိုဘာလမှာ စတင်သွားမှာဖြစ်ပြီးတော့ ကမ်ပိန်းအတွက် ယူနီဆက်ဖ်က
ဒေါ်လာ ငါးသန်း ထောက်ပံ့ထားပါတယ်"ဟု ဒေါက်တာသန်းထွန်းအောင် က ပြောသည်။

အဆိုပါ လှုပ်ရှားမှုတွင် ကူးစက်ရောဂါနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ရုပ်မြင်သံကြား၊
ရေဒီယို၊ ဘေဘုတ်၊ အသိပညာပေး ပိုစတာများ၊ လက်ကမ်းစောင်ဖြန့်ဝေခြင်းများအပြင်
တယ်လီဖုန်း အော်ပရေတာများနှင့် ချိတ်ဆက်၍ စာတိုများ ပေးပို့မည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က ရရှိထားသည့် အချက်အလက်များအရ ၀မ်းရောဂါဖြစ်ပွားမှုနှုန်းမှာ လူဦးရေ
တစ်သိန်းလျှင် ရ၀၀ ခန့် ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရေမသန့်ရှင်းမှုသည် ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို ဖြစ်စေသည့် အဓိကအကြောင်းအရာဖြစ်နေပြီး
၀မ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်သည့် အမူအကျင့်များကို လူထုလိုက်နာမှု
အားနည်းခြင်းကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ဌာနခွဲ
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင် ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး