နိုင်ငံအတွင်း ပြုန်းတီးသွားသော သစ်တောဧရိယာများ ပြန်လည်ပျိုးထောင်သည့် လုပ်ငန်းကို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက သဘာဝနယ်မြေများ
တည်ထောင်ကာ ထိန်းသိမ်းလျက်ရှိရာ နိုင်ငံဧရိယာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို
သဘာဝကာကွယ်တောများအဖြစ် တည်ထောင်သွားမည်ဟု သစ်တောဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဇော်ထွန်းက ပြောကြားသည်။
နိုင်ငံဧရိယာ၏ ငါးရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် တည်ထောင်မည်ဟု အဆိုပါ၀န်ကြီးဌာနက
ထုတ်ပြန်ခဲ့ပြီး ယခုအခါ ၁၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ပြောကြားခဲ့ခြင်း
ဖြစ်သည်။
လက်ရှိတွင် သတ်မှတ်တည်ထောင်ထားပြီး ဖြစ်သော သဘာဝနယ်မြေ ၃၉ ခုရှိပြီး နိုင်ငံ
အကျယ်အဝန်း၏ ၅ ဒသမ ရ၅ ရာခိုင် နှုန်းရှိကြောင်း ဦးနိုင်ဇော်ထွန်းက မြန်မာတိုင်း(မ်)ကို
မေလ ၂၉ ရက်တွင်ပြောသည်။
ထို့ပြင် နိုင်ငံအကျယ်အဝန်း၏ ၁ ဒသမ ၉ ရာခိုင်နှုန်းရှိမည့် ကာကွယ်တော ခုနစ်ခုကိုလည်း
ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထပ်မံ တည်ထောင်သွားမည်ဖြစ်သည်။
ထို့ကြောင့် ကာကွယ်တော ၄၆ ခု၊ စတုရန်းမိုင်ပေါင်း ၁၇,၈၀၀ ရှိလာမည် ဖြစ်ရာ နိုင်ငံ
အကျယ်အဝန်း၏ ၆ ဒသမ ၈၄ ရာခိုင်နှုန်းမှာ ကာကွယ်တောများ ဖြစ်လာမည်ဖြစ်သည်။
ရည်မှန်းထားသည့် ၁၀ ရာခိုင်နှုန်းပြည့်မီရန် လိုအပ်နေသေးသည့် သုံးရာခိုင်နှုန်းကျော်ကိုလည်း
နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆက်လက်တည်ထောင်သွားမည်ဟု ဦးနိုင်ဇော်ထွန်း
က ပြောသည်။
"အဓိကကတော့ WCS (သားငှက်ထိန်းသိမ်းရေးအဖွဲ့) ပေါ့။ သူတို့နဲ့ကျွန်တော်တို့ ပူးပေါင်းလေ့လာ
ထားတဲ့ King Biodiversity ဧရိယာက တစ်နိုင်ငံလုံးမှာ ၁၃၂ ခု ရှိတယ်။ လက်ရှိမှာ ၁၃၂ ခု
ရှိတဲ့အနက် သဘာဝနယ်မြေအဖြစ် တည်ထောင်ထားတာ ၃၀ ကျော်ပဲရှိသေးတယ်။ အဲဒီတော့
ကျန်တဲ့ King Biodiversity တွေကိုအခြေခံပြီး ၁၀ ရာခိုင်နှုန်းပြည့်အောင် ဆောင်ရွက်သွားမှာ"ဟု
၎င်းက ပြောကြားခဲ့သည်။
သို့သော်လည်း ယခင်ဆောင်ရွက်ခဲ့သော အတွေ့အကြံူများအရ သဘာဝနယ်မြေများ ဆက်လက်
တည်ထောင်ရေးမှာ အခက်အခဲများ ရှိနေသည်။
အထူးသဖြင့် အလုပ်အကိုင်နှင့် ၀င်ငွေရလမ်းရှားပါးသော ဒေသခံများသည် ၎င်းတို့၏
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက် စေနိုင်သည်ဟူသော စိုးရိမ်မှုကြောင့်
သဘာဝနယ်မြေ တည်ထောင်လာခြင်းကို လက်မခံမှုများ ရှိနေသည်။
ထို့ပြင် တောရိုင်းတိရစ္ဆာန်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချရန်အတွက် ဖမ်းဆီးသတ်ဖြတ်သူများ
ရှိနေခြင်းကလည်း အဟန့်အတားဖြစ်နေသည်။
"အဓိကကြံုရတဲ့ အခက်အခဲကတော့ တောရိုင်းတိရစ္ဆာန်တွေဟာ အမဲလိုက်သတ် ဖြတ်ခံရတာပဲ။
ဒီထိန်းသိမ်းနယ်မြေထဲမှာနေတဲ့ သူတွေကလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက်
အခြားရွေးချယ်စရာမရှိလို့ အမဲလိုက် သတ်ဖြတ်ကြပါတယ်။ ရှားပါးတိရစ္ဆာန်တွေဟာ
တစ်ဖက်နိုင်ငံမှာရှိတဲ့ မှောင်ခိုဈေးကွက်ကိုပို့ဖို့၊ ဥပဒေစိုးမိုးမှု နည်းတဲ့ နယ်စပ်ဒေသကို ပို့ဖို့ဆိုတဲ့
ရည်ရွယ်ချက်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရပါတယ်" ဟု ဦးနိုင်ဇော်ထွန်းက ပြောကြားသည်။
အဆိုပါ သတ်ဖြတ် ဖမ်းဆီးမှုများကို ကာကွယ်တားဆီးရေးအတွက် တာဝန်ယူစောင့်ရှောက်ရသည့်
၀န်ထမ်းဦးရေနှင့် တာဝန်ယူရသည့် သစ်တောဧရိယာအကျယ် အဝန်းမမျှတမှုကြောင့်
အခက်အခဲရှိနေသည်။
အဆိုပါအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် သစ်တောဝန်ထမ်းများသာမက ဒေသရှိ
အခြားသောဝန်ထမ်းများနှင့် ဒေသခံပြည်သူများကပါ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ
အောင်မြင်နိုင်မည်ဟု ဦးနိုင်ဇော်ထွန်းက ပြောသည်။
"သဘာဝနယ်မြေအဖြစ် ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ယူဖို့မဟုတ်ဘူး။ ခုတ်ယူဖို့လည်း
မဟုတ်ဘူး။ ဒါကိုဒေသခံတွေက သိမြင်နိုးကြားမှုနည်းတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက်
အတားအဆီးတစ်ခုလို့ မြင်ပြီး ပူးပေါင်းပါ၀င်မှုနည်းတယ်"ဟု ၎င်းကပြောကြားသည်။
ထို့ကြောင့် အဆိုပါအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ဒေသခံများကို အသိပညာပေးခြင်း၊
အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးခြင်း စသည်တို့ကို
ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် မေလကလည်း နေပြည်တော်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း
တည်ထောင်နိုင်ရန် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ
ပေါ်ပေါက်လာရန်၊ Home Stay Program အရ ၀င်ငွေရနိုင်သည့် နည်းလမ်းများ
ရှာဖွေဖော်ထုတ်ရန်၊ လက်မှုထည်များကို တိုက်ရိုက်ရောင်းချနိုင်မည့် အခွင့်အလမ်းများပါ၀င်သော
သဘာဝအခြေခံခရီးသွားလုပ်ငန်း မဟာဗျူဟာ စီမံချက်ကို ရေးဆွဲတင်ပြခဲ့သည်။
"ကျွန်တော်တို့နိုင်ငံမှာ အခုဆိုရင် သဘာဝခြေခံခရီးသွားစခန်း ၂၁ ခုရှိတယ်။ အဲဒီထဲမှာ ၁၉ ခုက
သဘာဝနယ်မြေတွေဖြစ်ပြီး ကျန်နှစ်ခုကတော့ ၀န်ကြီးဌာနက တည်ထောင်ထားတဲ့ မြိုင်ဟေဝန်
ဆင်စခန်းနဲ့ ဖိုးကျားဆင်စခန်းပေါ့" ဟု ဦးနိုင်ဇော်ထွန်း က ပြောသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း တည်ထောင်ပါက ယင်းနယ်မြေများကို အဓိက
ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံများဝင်ငွေ အခွင့်အလမ်း ရရှိရေးနှင့် သဘာဝဂေဟစနစ်များ
ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုစေမည်ဖြစ်သည်။
သဘာဝနယ်မြေများ ဆက်လက်တည်ထောင်ရာတွင် ဒေသခံများ နေထိုင်သည့် ဧရိယာများ
မပါ၀င်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မဖြစ်မနေ ထည့်သွင်း ဖွဲ့စည်းရမည်ဆိုလျှင်လည်း
အဆိုပါ ထိန်းသိမ်း နယ်မြေအတွင်း သင့်လျော်သော လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

















