ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောများရှိ သီးနှံများအတွက် စိုက်ပျိုးရေးစရိတ် လိုအပ်ပါက
ချေးငွေရရှိရန် ကူညီပေးလျက်ရှိကြောင်း သစ်တောဦးစီးဌာန၊ သဘာဝသစ်တောနှင့် စိုက်ခင်းဌာနမှ
ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဇွန်လ ၁၆ ရက်နေ့က ပြောသည်။
"အစုအဖွဲ့ပိုင် သစ်တောထူထောင်သူတွေကို ဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ သူတို့စိုက်တဲ့
သီးနှံတွေကို ချေးငွေရရှိရေး ဆောင်ရွက်ပေးနေတာပါ။ စိုက်တဲ့ သစ်ပင်ပေါ်မှာတော့ ချေးငွေ
မရနိုင်သေးဘူး။ သစ်ပင်နဲ့ တွဲစိုက်တဲ့ သီးနှံတွေရှိတယ်။ အစုအဖွဲ့ပိုင်သစ်တောတွေက ပုံစံ ရ တို့
ဘာတို့တော့ မရဘူး။ ဒါကြောင့် ချေးငွေမရတဲ့ ပြဿနာရှိတယ်။ ဒီအတွက် သက်ဆိုင်ရာဘဏ်နဲ့
ချိတ်ဆက်ပြီး စိုက်ပျိုး စရိတ်ချေးငွေလိုဟာမျိုး ရရှိအောင် ဆောင်ရွက်ပေးနေတာပါ။ သီးနှံပေါ်ရင်
ပြန်ဆပ်ပေါ့"ဟု ၎င်းက ပြောသည်။
အစုအဖွဲ့ပိုင်သစ်တောများရှိ သီးနှံများအတွက် ချေးငွေရရှိရန် အကူအညီပေးမှုကို
ယခင်နှစ်လယ်ပိုင်းခန့်က စတင်အကောင်အထည်ဖော်ခဲ့သော်လည်း မကွေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်ရှိ ကျေးရွာအချို့တွင်သာ ချေးငွေရယူဆောင်ရွက်နေခြင်း ရှိသေးကြောင်း သိရသည်။
"ဒေသခံပြည်သူတွေကလည်း ချေးချင်တယ်ဆိုမှ ချေးနိုင်အောင်ဆောင်ရွက်ပေးတာပါ။
အတင်းအကျပ် ချေးရမယ်လို့ မဟုတ်ပါဘူး။ လက်ရှိ မကွေးတိုင်း၊ ဆင်ပေါင်ဝဲ မြို့နယ်ထဲက
ရွာနှစ်ရွာနဲ့ ရှမ်းပြည်နယ်ထဲမှာ ညောင်ရွှေမြို့နယ်က လွယ်ငြိမ့်ရွာနဲ့ နောင်ချိုက ညောင်ထောက်ရွာ
တွေမှာ ချေးငွေရရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ကတော့ ဒေသတိုင်းမှာရှိတဲ့
ပြည်နယ်တိုင်း ညွှန်ကြားရေးမှူးတွေကို ဒေသခံတွေက ဆက်သွယ်လာပြီး ငွေကြေးထောက်ပ့ံမှု
လိုတယ်ဆိုရင် ဆက်သွယ်ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပြီးပါပြီ"ဟု ဦးမျိုးမင်းက ပြောသည်။
လက်ရှိ အစုအဖွဲ့ပိုင်သစ်တောများရှိ သီးနှံများအတွက် ချေးငွေရရှိရန် မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။
အစုအဖွဲ့ပိုင်သစ်တောများကို ရာသီပေါ်သီးနှံများနှင့် တွဲဖက်စိုက်ပျိုးကြပြီး သစ်တောများ
မကြီးထွားမီ နှစ်စဉ်ဝင်ငွေရရှိရန် အထောက်အကူပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ်မှ အစုအဖွဲ့ပိုင်သစ်တော စိုက်ပျိုးသူများက ပြောသည်။
ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောများကို သစ်တောကဏ္ဍတွင်ပြည်သူလူထု ပူးပေါင်းပါ၀င်မှုကို
မြှင့်တင်ရန် သစ်တောဦးစီးဌာန၏ ၁၉၉၅ ခုနှစ် ဒေသခံပြည်သူအစု အဖွဲ့ပိုင်
သစ်တောညွန်ကြားချက်ဖြင့် စတင် ထူထောင်ခဲ့သည်။
သစ်တောဦးစီးဌာနက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဧရိယာ၏ ၃၀ ရာခိုင်နှုန်း သစ်တော
ဖုံးလွှမ်းအောင် ဆောင်ရွက်ရန် ရည်မှန်းထားပြီး အဆိုပါ ရည်မှန်းချက်ပြည့်မီရန် အစုအဖွဲ့ပိုင်
သစ်တောများ ထူထောင်ခြင်းလုပ်ငန်းများမပါဘဲ အောင်မြင်နိုင်မည်မဟုတ်ကြောင်း
သစ်တောပညာရှင်များက သုံးသပ်ထားကြသည်။
၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း၌ အစုအဖွဲ့ပိုင်သစ်တောဧက ၂ ဒသမ၂၇ သန်း ထူထောင်ရန်
ရည်ရွယ်ထားပြီး ၁၉၉၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ၁၂၀,၀၀၀ ခန့်သာ ထူထောင်ထားကာ
ရာခိုင်နှုန်းအားဖြင့် တစ်ခိုင်နှုန်းပင် မပြည့်သေးကြောင်း သစ်တောပညာရှင် ဒေါက်တာကျော်တင့်က
ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော အများဆုံး
ထူထောင်ထားကာ ကချင်ပြည်နယ်တွင် ဒုတိယအများဆုံးနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့်
တနင်္သာရီတိုင်းတို့တွင်လည်း အစုအဖွဲ့ပိုင် သစ်တောအများစု ထူထောင်ထားသည်။
















