သီးနှံမျိုးသစ်မျိုးကွဲ ၈၃ မျိုးကို နှစ်ပတ်အတွင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စိစစ်

သီးနှံမျိုးသစ်မျိုးကွဲ ၈၃ မျိုးကို နှစ်ပတ်အတွင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စိစစ်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည်
စပါး၊ ပြောင်းချို၊ အစေ့ထုတ် ပြောင်း၊ မြေပဲ၊ ကြံ၊ ခရမ်းချဉ်၊ ခရမ်း၊ ချည်မျှင် ရှည်ဝါ၊ ငရုတ်စသည့်
သီးနှံနှင့် ဟင်းသီးဟင်းရွက် ၁၅ မျိုးတို့၏ မျိုးသစ်မျိုးကွဲ ၈၃ ခုနှင့် ပတ်သက်ပြီး စိစစ်မှုများ
လုပ်ဆောင်လျက်ရှိကာ လာမည့်နှစ်ပတ်အတွင်း အသိအမှတ်ပြု လက်မှတ်များ
ထုတ်ပေးသွားမည်ဟု ကော်မတီတွဲဘက် အတွင်းရေးမှူးဖြစ်သူ မျိုးစေ့ဌာနခွဲမှ ညွှန်ကြားရေးမှူး
ဦးသက်ဇင်မောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုမျိုးသစ်တွေနဲ့ ပတ်သက်ပြီး စိစစ်တာတွေ ဆောင်ရွက်နေပါတယ်။ အချိန်အားဖြင့် ဆိုရင်တော့
နှစ်ပတ်အတွင်းမှာ အသိအမှတ် ပြုလက်မှတ် ထုတ်ပေးသွားပါမယ်" ဟု ၎င်းက ဇွန်လ
၁၅ ရက်နေ့က ပြောသည်။

"မျိုးစေ့ဟာ နည်းပညာသစ်တွေကို သယ်ဆောင်လာနိုင်တဲ့ သဘောသဘာဝရှိတဲ့အတွက်
တောင်သူလယ်သမားတွေရဲ့မျှော်လင့်ချက်ကို မြင့်မားစေပါတယ်။ အလားတူ ပိုးမွှားရောဂါ
တို့ကိုလည်း သယ်ဆောင်လာတဲ့ သဘာဝရှိတာကြောင့် စံချိန်စံညွှန်းမပြည့်မီတဲ့ မျိုးစေ့တွေကို
တောင်သူလယ်သမားတွေ ၀ယ်ယူစိုက်ပျိုးမိရင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေပြီး ၀င်ငွေ
ဆုံးရှုံးကာ မိသားစု စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နိုင်ပါတယ်"ဟု လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ဇွန် ၁၅ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌
ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောခဲ့သည်။

ထို့ပြင် မျိုးကောင်းမျိုးသန့် မျိုးစေ့များသည် စိုက်ပျိုးရေးတွင် အသုံးပြုရသော သွင်းအားစု အားလုံးတွင်
သီးနှံထုတ်လုပ်မှုကို အမြင့်မားဆုံး လွှမ်းမိုးနိုင်သည့် စွမ်းရည်လည်း ရှိသောကြောင့် မျိုးနှင့် မျိုး၏
လက္ခဏာရပ်များ၊ မျိုးစေ့များ၏ စံချိန်စံညွှန်းများကို စနစ်တကျ စိစစ်ရမည်ဟု ၎င်းက ပြောသည်။

မျိုးစေ့ဥပဒေကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ရ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၁/၂၀၁၁)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ပြဋ္ဌာန်းပြီး ဥပဒေများကို မျိုးစေ့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးသူများ သိရှိလိုက်နာရန် အတွက်လည်း
၀န်ကြီးရုံးတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

"ကျွန်တော်တို့ ဥပဒေထုတ်ပြန်တယ်ဆိုတာက နောက်တောင်ကျနေပါသေးတယ်။ တကယ်တော့
လုပ်ငန်းရှင်တွေက အစောကြီးကတည်းက ပြည်ပကနေ မျိုးစေ့တွေ တင်သွင်းနေခဲ့တာပါ"ဟု
ဦးသက်ဇင်မောင်က ပြောကြားသည်။

မျိုးစေ့ကော်မတီသည် စားသုံးသူများ၏ ကျန်းမာရေးနှင့် ပြည့်ဝကိုက်ညီစေရေး၊ လက်ရှိထက်
ပိုမိုကောင်းမွန်ပြီး တောင်သူများ ကြိုက်နှစ်သက်ကာ အရည်အသွေးပြည့်ဝသော မျိုးများကိုသာ
တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ဒေသနှင့် ကိုက်ညီမှု မရှိသော မျိုးများကို လက်ခံ စဉ်းစားမည်
မဟုတ်ကြောင်း ကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ရွှေက
ပြောကြားသည်။

မျိုးစေ့ကော်မတီက ထုတ်ပေးသော 'မျိုးသစ် အသိအမှတ်ပြုလက်မှတ် ရရှိပြီးသည့် မျိုးများ' ကိုသာ
စီးပွားဖြစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ တင်ပို့တင်သွင်းခြင်းများအတွက် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ မတ်လအထိ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့သော မျိုးသစ် စုစုပေါင်း ၂၉၇ မျိုး
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး