(၅၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲကို ယခုလ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်နေ့အထိ နေပြည်တော်
ဒက္ခိဏရတနာကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်တို့တွင် စတင်ကျင်းပရာ
ကျောက်စိမ်းအတွဲပေါင်း ၉,၀၀၀ ခန့် ပြသထားမည် ဖြစ်သည်။
"ကျောက်မျက် အများအပြားပါ၀င်မှာ ဆိုပေမယ့်လည်း ကျောက်စိမ်းကိုတော့ အဓိကပြသသွားမှာ
ဖြစ်ပါတယ်။ ကျောက်စိမ်းအတွဲ ၉,၀၀၀ ပြသမယ်။ တစ်တွဲမှာ တစ်ပုံအဖြစ် သတ်မှတ်ထားတယ်။
တစ်ပုံမှာတော့ ကျောက်စိမ်းအများဆုံး တစ်တန်ကျော်အထိ ပါ၀င်နိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့
ကျောက်မျက်တွေလည်း တင်ပြခွင့်ပေးထားပေမယ့် သိပ်များများစားစားတော့မပါဘူး"ဟု
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောသည်။
ပြပွဲ၌ ကျောက်စိမ်းနှင့် ကျောက်မျက်တွဲများ အားလုံးကို ယူရိုငွေ တစ်မျိုးတည်းဖြင့်သာ ရောင်းချခွင့်
ရမည်ဖြစ်ပြီး တင်ဒါစနစ်၊ လေလံစနစ်များဖြင့်ရောင်းချမည် ဖြစ်သည်။
ကြမ်းခင်းဈေးသတ်မှတ်ချက်မှာ အနည်းဆုံး ယူရို ၄,၀၀၀ သတ်မှတ်ထားပြီး ယူရိုနှစ်သိန်းအထိကို
တင်ဒါဈေး သတ်မှတ်ထားပြီး ယူရို နှစ်သိန်းနှင့်အထက် ကျောက်မျက်များကို လေလံဈေး
သတ်မှတ်မည်ဖြစ်သည်။
တင်ပြရောင်းချလိုသော ကုမ္ပဏီများက ကျောက်မျက်တွဲ နှစ်သောင်းရှစ်ထောင်ကျော်စာရင်း
တင်ပြခဲ့ကြသည့်အနက် ၉,၀၀၀ ကျော် ပြသခွင့်ရကြမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် (၅၁) ကြိမ်မြောက်ကျောက်မျက်ပြပွဲတွင် ကျောက်မျက်ရတနာ
ကုမ္ပဏီများက ကျောက်စိမ်း၊ ကျောက်မျက်တွဲပေါင်း ရှစ်သောင်းကျော်အထိ တင်ပြရောင်းချနိုင်ရန်
စာရင်းပေးခဲ့ကြပြီး ပြပွဲတွင် တွဲ ရ,၀၀၀ ကျော်ပြသခွင့်ရခဲ့ကြသည်။
အဆိုပါပြပွဲတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ ဖိုးခန့် ရောင်းချခဲ့ရကြောင်း သတ္တုတွင်း
၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်က ပြပွဲဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှင့်
ပြည်တွင်းကုန်သည် တစ်ဦးလျှင် ကျပ်ခြောက်သောင်း ကောက်ခံခဲ့ပြီး ယခုနှစ်တွင်လည်း
၀င်ကြေးပြောင်းလဲမှု မရှိကြောင်း သိရသည်။

















