အမြဲတမ်း အတွင်းဝန်များကို တောင်ကိုရီးယားက သင်တန်း ပို့ချမည်

အမြဲတမ်း အတွင်းဝန်များကို တောင်ကိုရီးယားက သင်တန်း ပို့ချမည်

ဗျူရိုကရေစီယန္တရား ပြုပြင်ပြောင်းလဲရေးအတွက် မကြာသေးမီက ခန့်အပ်ခဲ့သည့် အမြဲတမ်း
အတွင်းဝန်များကို တောင်ကိုရီးယားနိုင်ငံမှ ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု
(ကေဒီအိုင်)က ရက်တိုသင်တန်း ပို့ချမည် ဖြစ်သည်။

အမြဲတမ်း အတွင်းဝန်များ၏ အရည်အသွေး တိုးတက်စေရန် မြန်မာအစိုးရ၏ တောင်းဆိုချက်အရ
တောင်ကိုရီးယားနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ကွိုက်ကာ)က ၎င်းသင်တန်း
အတွက် ငွေကြေး ပံ့ပိုးမည်ဖြစ်ပြီး ကေဒီအိုင်က စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

"အမြဲတမ်း အတွင်းဝန်တွေအတွက် သင်တန်းပေးဖို့ ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလမှာ
လုပ်ဖြစ်ပါလိမ့်မယ်" ဟု ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်
ခရီးစဉ်တွင် KDI School of Public Policy and Management မှ ပါမောက္ခ
Sang-Woo Nam က ပြောသည်။

"အမြဲတမ်းအတွင်းဝန်တွေရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးတယ်ဆိုတော့ မြန်မာအစိုးရ စီစဉ်ခဲ့တဲ့
သင်တန်းနဲ့တင် လုံလောက်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အမြဲတမ်း အတွင်းဝန်တွေကို
လေ့ကျင့်ပေးတာက အမ်ဒီအိုင် စီမံကိန်းအတွက်လည်း အကျိုးရှိပါလိမ့်မယ်။ အမြဲတမ်း
အတွင်းဝန်တွေနဲ့ အမ်ဒီအိုင် (မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု) ကြား ဆက်ဆံရေး
ကောင်းမွန်သွားနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

သင်တန်းအတွက် အသေးစိတ် အစီအစဉ်များ စီစဉ်ဆဲဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏
ဗျူရိုကရေစီယန္တရားနှင့် ပတ်သက်သည့် လေ့လာရေး ခရီးစဉ်အတွင်း ရက်တိုသင်တန်းအဖြစ်
ထည့်သွင်းနိုင်ဖွယ်ရှိကြောင်း ကေဒီအိုင်မှ Program officer ဖြစ်သည့် Kim Tae Young က
ပြောသည်။

"သင်တန်းအတွက် မြန်မာအစိုးရနဲ့ ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်။ အမြဲတမ်း
အတွင်းဝန်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်တော်တို့ အထူးစိတ်ဝင်စားပါတယ်" ဟု ၎င်းက
ပြောသည်။

အစိုးရက အများပြည်သူ ၀န်ဆောင်မှုကဏ္ဍ ပြင်ဆင်ပြောင်းလဲရန် ယခုနှစ် မတ်လနှင့်
ဧပြီလအတွင်း အမြဲတမ်း အတွင်းဝန် ၃၀ ကျော် ခန့်အပ်ခဲ့သည်။

အမြဲတမ်း အတွင်းဝန်များကို လက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများအထက်
တစ်ဆင့်မြှင့် ရာထူး သတ်မှတ်ထားပြီး ၎င်းတို့ကို မခန့်အပ်မီ နေပြည်တော်တွင် တစ်လကြာ
သင်တန်းပေးခဲ့သည်။

အဆိုပါ အတွန်းဝန်များသည် ၀န်ကြီးဌာနအတွင်း မူဝါဒရေးရာ ဆန်းစစ်ခြင်း၊ စီမံချက်များ
ဖော်ထုတ်ခြင်းနှင့် စောင့်ကြည့် အကဲဖြတ်ခြင်း၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၊
စာရင်းစစ်နှင့် စီမံရေးရာ လုပ်ငန်းများကို ဦးဆောင်ရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး