ပြန်ကြားရေးနှင့် စကိုင်းနက်တို့၏ စာချုပ်ကို ပြန်လည်ချုပ်ဆိုရန် လွှတ်တော်က သုံးသပ်

ပြန်ကြားရေးနှင့် စကိုင်းနက်တို့၏ စာချုပ်ကို ပြန်လည်ချုပ်ဆိုရန် လွှတ်တော်က သုံးသပ်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် စကိုင်းနက်ရုပ်သံလိုင်း
ထုတ်လွှင့်နေသည့် ရွှေသံလွင်ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုနှင့် အကျိုးအမြတ်
ခွဲဝေမှုစာချုပ်ကို ပြန်လည်ချုပ်ဆိုသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း
ကော်မတီက သုံးသပ်လိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ၀န်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများ၏
ဆောင်ရွက်ချက်များအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စိစစ်လေ့လာတွေ့ရှိချက်များကို
အကြိမ်ကြိမ်လေ့လာပြီးနောက် ကော်မတီက အစီရင်ခံစာကို ဇွန်လ၂၆ ရက်နေ့တွင်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတော်သို့ ပေးသွင်းရမည့် ၀င်ငွေ အများအပြား နစ်နာမှုမရှိစေရန်၊ ငှားရမ်းကြည့်ရှုခများကို
စနစ်တကျဖြင့် တိကျစွာ ရရှိစေရန်၊ ငှားရမ်းကြည့်ရှုသူများ ငှားရမ်းခ လျော့နည်းသက်သာစေရန်၊
သက်ဆိုင်ရာ အဖွဲ့အစည်း၊ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ ရင်းနှိးမြှုပ်နှံမှုကော်မရှင်တို့က စိစစ်ပြီး
ပြန်လည်သုံးသပ်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်သင့်ပါသည်"ဟု ကော်မတီကတင်ပြသည်။

၀န်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အကျိုးတူဆောင်ရွက်သော လုပ်ငန်းများအနက်
ပြန်လည် သုံးသပ်ဆောင်ရွက်ရန် လိုအပ်သော စာချုပ်များတွင် အထက်ပါ စာချုပ်လည်း
အပါအဝင်ဖြစ်သည်။

စာချုပ်ကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်က ချုပ်ဆိုပြီး DTH စနစ်ဖြင့် ရုပ်သံလွှင့် ၀န်ဆောင်မှု
လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

စာချုပ်အရ လုပ်ငန်းစတင်လည်ပတ်ချိန်မှ ပထမသုံးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့်
ပေးထားသည့်အပြင် အကျိုးအမြတ်ခွဲဝေခြင်းမှလည်း ကင်းလွတ်ခွင့်ပေးထားကြောင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စိစစ်တွေ့ရှိချက်ကို ထောက်ပြထားသည်ဟု အစီရင်ခံထားသည်။

"အကျိုးအမြတ်ခွဲဝေခြင်းကို ၂၇-၇-၂၀၁၃ မှစ၍ အမ်အာရ်တီဗီသို့ ပေးသွင်းရမည် ဖြစ်သော်လည်း
နည်းလမ်းတကျ တွက်ချက်ပေးသွင်းနိုင်ခြင်း မရှိသောကြောင့် အခြေခံအဆောက်အအုံငှားရမ်းခ
အဖြစ်သာ ကောက်ခံပြီး မူလစာချုပ်တွင် တစ်လလျှင် ကျပ်သိန်း ၃၀၀ ခန့်ပေးသွင်းရာမှာ
စာချုပ် ပြင်ဆင်ပြီး တစ်လလျှင် ကျပ် ၄၀၄ သိန်း ပေးသွင်းခဲ့သည်။

Forever Group Co.,Ltd က အခြေခံအဆောက်အအုံ ငှားရမ်းခ တစ်လလျင် ကျပ်သိန်း ၃,၀၅၀
ပေးသွင်းနေရသည်"ဟု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဌာနပိုင်မြေဧရိယာ ၄၈,၆၀၀ စတုရန်းပေ ပေါ်တွင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်
အတွက် အမ်အာတီဗီက အမေရိကန်ဒေါ်လာ သုံးသိန်းခွဲ၊ ရွှေသံလွင်က ဒေါ်လာ နှစ်သိန်း
ကိုးသောင်းနှင့် ကျပ် နှစ်ဘီလျံထည့်ဝင်ကာ အကျိုးတူဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၃-၁၄ ဒုတိယ ခြောက်လ စစ်ဆေးချက်တွင် စကိုင်းနက်သည် Set Top Box with LNB
အလုံးရေ ၃၈၃,၅၀၀ လုံး တင်သွင်းခွင့် ရရှိထားသည်။

အဆိုပါစက်များကို အများပြည်သူက ငှားရမ်းကြည်ရှုခနှင့် ကြော်ငြာခများမှ အခွန်ပေးဆောင်ပြီး
ကျန်ငွေများကိုသာ အမ်အာရ်တီဗီသို့ ခွဲဝေပေးရန် စာချုပ် ချုပ်ဆိုထားသည်ဟုဆိုသည်။

စာချုပ်အရ ပထမသုံးနှစ်မှာ ကင်းလွတ်ခွင့် ဖြစ်ပြီး၊ ဒုတိယငါးနှစ်တွင် ငါးရာခိုင်နှုန်း၊ တတိယ
ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်း၊ စတုတ္ထ ငါးနှစ်တွင် ၁၂ ရာခိုင်နှုန်း၊ ပ ဉ္စမ ငါးနှစ်တွင် ၁၆ ရာခိုင်နှုန်း၊
ဆဋ္ဌမငါးနှစ်တွင် ၂၀ ရာခိုင် နှုန်းနှင့် သတ္တမငါးနှစ်တွင် ၂၅ ရာခိုင်နှုန်း ခွဲပေးမည် ဖြစ်သည်။

"လစဉ်ကြည့်ရှုခ အကျိုးအမြတ်များ၊ ကြော်ငြာခဝင်ငွေများကို စနစ်တကျမှတ်တမ်းတင်တွက်ချက်
ကောက်ခံထားခြင်း မရှိသဖြင့် အကျိုးအမြတ်ရရှိရန် အခြေခံနှုန်းတွက်ချက်ရန်ခက်ခဲပြီး ပြည်သူများ
ငှားရမ်း ကြည့်ရှုရသည့် ဈေးနှုန်းများမှာလည်း လျော့နည်းသွားခြင်းမရှိ၍ ဆီလျော်မှုမရှိကြောင်း
တွေ့ရှိရပါသည်"ဟု အစီရင်ခံစာတွင် တင်ပြထားသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသည် စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များ၊
စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေကို လေ့လာပြီးနောက်
ကိုယ်စားလှယ်များထံသို့ အစီရင်ခံစာ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်များကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ထောက်ပြ
ဝေဖန်ခြင်းများကိုလည်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် ဆက်လက်
ဆောင်ရွက်မည် ဖြစ်သည်။

"မဖတ်ရသေးတော့ အခုမပြောနိုင်သေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာနတွေရဲ့ငွေကြေးသုံးစွဲမှုတွေ၊
လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာဆိုတော့ စိတ်ဝင်စားတယ်" ဟု
ရန်ကုန်တိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး