နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်အတွင်း မဲစာရင်း စိစစ်ရာတွင် ပါ၀င်ခဲ့သည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီဝင် နှစ်ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် ဒေသခံတစ်ဦးက တရားစွဲဆိုထားကြောင်း
နေပြည်တော်ရဲစခန်းက အတည်ပြု ပြောကြားသည်။
ပါတီဝင်နှစ်ဦးဖြစ်သည့် ဦးတင်ဌေးနှင့် ဦးစိန်မြမောင်တို့ကို နေပြည်တော် အမှတ် (၁) ရဲစခန်းတွင်
အိမ်ရှင်ဖြစ်သူက ပုဒ်မ၄၄၇ (ပိုင်နက်ကျူးလွန်မှု)ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ
ဒုရဲအုပ်တင်စိုးက ပြောသည်။
"အမှုဖွင့်ထားတာက သက်ထွန်းဦးဆိုတဲ့ လူ။ ဇွန်လ၂၀ ရက်နေ့က လာဖွင့်တယ်။ ၁၈ ရက်နေ့က
ကိစ္စကို လာရောက် အမှုဖွင့်ထားတာဖြစ်ပါတယ်။ ပုဒ်မ ၄၄၇ နဲ့ဖွင့်ထားတယ်။ အခုတော့ အမှုက
ဆောင်ရွက်နေတဲ့ အဆင့် ဖြစ်ပါတယ်"ဟု ဒုရဲအုပ်တင်စိုးက ပြောသည်။
အမှားအယွင်းများ ပါ၀င်နေသည့် မဲစာရင်းများကို မဲစာရင်းများမှန်ကန်ရေးအတွက် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ရှိ မြို့နယ်များ၌ တစ်အိမ်တက်ဆင်း သွားရောက်စိစစ်လျက်ရာမှ
ထိုကဲ့သို့ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်
ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။
အဖွဲ့ချုပ်အနေဖြင့် ဇွန်လ ၁၈ ရက်နေ့က ရွှေကြာပင် ရပ်ကွက်အတွင်း မဲစာရင်းများ စိစစ်နေစဉ်
မြို့နယ်အာဏာပိုင်များနှင့် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အင်န်အယ်လ်ဒီ ပါတီဝင်များကို
တားမြစ်ခဲ့ပြီး မဲစာရင်း စိစစ်ခြင်းမှာ နိုင်ငံရေးပါတီအနေဖြင့် မလုပ်သင့်ကြောင်း သတိပေးခဲ့သည်ဟု
ဦးဖြိုးဇေယျာသော်က ပြောသည်။
"ကျွန်တော်တို့ ပါတီက မဲစာရင်း စိစစ်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲကော်မရှင်ကို ချိန်းဆိုပါတယ်။
ချိန်းဆိုလို့သွားတဲ့အချိန်မှာ မြို့နယ်အနေနဲ့လည်း သူတို့နေရာလုပ်ကိုင် ဆောင်ရွက်နေတာ
ဖြစ်တဲ့အတွက် ပါတီက မလုပ်သင့်ကြောင်း၊ ဒီလိုမျိုး မဲစာရင်း စိစစ်တာကို ပါတီတစ်ခုက
လုပ်မယ်ဆိုရင် ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံရေး ပါတီတွေကြားမှာ အငြင်းပွားဖွယ်ရာတွေ
ဖြစ်လာနိုင်တဲ့အတွက်ကြောင့် မလုပ်ဖို့ လက်မှတ်ထိုးဖို့အထိ ကျွန်တော်တို့ကို ပြောပါတယ်" ဟု
၎င်းကပြောသည်။
သို့ရာတွင် မဲစာရင်းမှန်ကန်ရေးမှာ နိုင်ငံရေးပါတီများသာမက ပြည်သူပြည်သားအားလုံးတွင်
တာဝန်ရှိသည့်အတွက် ကော်မရှင်၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း
ဖြေရှင်းခဲ့ပြီး လက်မှတ်မထိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပုဒ်မ ၄၄၇ တွင် ရာဇဝတ်မကင်းသော ကျော်နင်းမှုကို ကျူးလွန်လျှင် ထောင်ဒဏ် သုံးလ သို့မဟုတ်
ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များသည် အိမ်ရှင်၏ ခွင့်ပြုချက်ရရှိပြီး
မှသာ အိမ်အတွင်းသို့ ၀င်ရောက်ကာ မဲစာရင်းစိစစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
၂၅ ရက် နေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ရလဒ်နှင့် ပတ်သက်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
"မဲစာရင်း စိစစ်ရေးဆိုတာ ကျွန်မတို့ ပါတီ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အင်န်အယ်လ်ဒီပါတီ
ကို မဲပေးမယ့်သူမှ မဲစာရင်းထဲမှာပါဖို့ လုပ်ပေးမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဘယ်ပါတီကို
မဲပေးတယ်ဆိုတာ ပြောစရာလည်း အကြောင်း မရှိပါဘူး။ ကျွန်မတို့က ပညာပေးသက်သက်ပါပဲ။
အဲ့ဒါကိုတောင် မလုပ်စေချင်ရင် ဘာကြောင့် မလုပ်စေချင်တာလဲ။ ပြည်သူတွေရဲ့ မဲပေးရမည်
အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ မရစေချင်တာလား"ဟု ၎င်းက ဆိုသည်။
သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများတွင် ရွေးကောက်ပွဲနေ့မှ ရက်ပေါင်း ၆၀ အလိုတွင်သာ
ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရမည်ဟုဖော်ပြထားပြီး ပါတီစည်းရုံးရေးထက်
မဲစာရင်း မှန်ကန်ရေးကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။
"အင်န်အယ်လ်ဒီစည်းရုံးရေး မလုပ်စေချင်ဘူးဆိုတာ နားလည်ပါတယ်။ ကော်မရှင်ကလည်း
ပြောပြီးသားပါ။ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ မှသာ ကိုယ်စားလှယ်အတွက် စည်းရုံးရေး
လုပ်နိုင်တယ်။ အဲဒီမတိုင်ခင်မှာ ပါတီအတွက် စည်းရုံးရေးလုပ်နိုင်တယ်၊ ဒီလို ကြေညာထားပါ
တယ်။ အကယ်၍ ပါတီအတွက်ပဲ စည်းရုံးရေးလုပ်တယ် ဆိုတော့ ဒါကို ကန့်ကွက်စရာ မရှိပါဘူး။
ပါတီအတွက် စည်းရုံးရေး လုပ်တာထက် မဲဆန္ဒရှင် စာရင်း မှန်ကန်အောင်လုပ်နေတာ ဖြစ်ပါတယ်"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းသို့ မဲစာရင်းများ စိစစ်ရာတွင်လည်း ပါတီအတွက် စည်းရုံးရေးပါ၀င်နိုင်ကြောင်း ၎င်းက
၀န်ခံထားသည်။
ထို့သို့ တရားစွဲခံရပြီးနောက် အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မြို့နယ်အတွင်း တစ်အိမ်တက်ဆင်း လိုက်လံကာ
ပြည်သူလူထုအား မဲစာရင်း စိစစ်ရန် အသိပညာပေးခဲ့သည်။

















