နေပြည်တော် နှစ်ကျိပ်ရှစ်ဆူပွဲ ခုနစ်နှစ်ကြာပြီးမှ ညလုံးပေါက် ဖျော်ဖြေခွင့် ပြန်လည်ရရှိ

နေပြည်တော် နှစ်ကျိပ်ရှစ်ဆူပွဲ ခုနစ်နှစ်ကြာပြီးမှ ညလုံးပေါက် ဖျော်ဖြေခွင့် ပြန်လည်ရရှိ

နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် အစဉ်အလာကြီးမားခဲ့သော နှစ်စဉ် ကျင်းပမြဲဖြစ်သည့်
(၉၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည် ပူဇော်ပွဲ ညလုံးပေါက်ဖျော်ဖြေခွင့်ကို
လုံခြံုရေးအကြောင်းပြပိတ်ပင်ခဲ့ပြီး ခုနစ် နှစ်အကြာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းမှ
ပြန်လည်ခွင့်ပြုခဲ့ သည်ဟု ပျဉ်းမနားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"လုံခြံုရေးကတော့ ဓမ္မာရုံတွေက ကိုယ့်လုံခြံုရေး ကိုယ်တာဝန်ယူရပါမယ်" ဟု ပျဉ်းမနားမြို့နယ်၊
အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်မှူး ဦးကျော်တင့်က ပြောသည်။

၂၀၀၆ ခုနှစ်တွင် နေပြည်တော်ကို မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်
ခဲ့ရာမှ နှစ်ကျိပ်ရှစ်ဆူဘုရာများ လှည့်လည် အပူဇော်ခံပွဲများနှင့် ဖျော်ဖြေပွဲများကို ည ၁၁ နာရီ
အထိသာ ခွင့်ပြုခဲ့သည့်အတွက် ယခုကဲ့သို့ လုံခြံုရေးဆိုင်ရာ ဖြေလျော့မှု ကို ဒေသခံများက
၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

"ညလုံးပေါက်ဖျော်ဖြေတဲ့ အစဉ် အလာ ပြန်ရမယ်ကြားလို့ ၀မ်းသာပါတယ်။ အခုခေတ်ကလေး
တွေက ကျွန်တော်တို့တုန်းကလို ခံစားမှုမျိုးမရခဲ့ တာ ကြာပြီလေ"ဟု အသက် ၆၁ နှစ် အရွယ်
ပျဉ်းမနားဒေသခံ ဦးကိုသိန်းက ပြောသည်။

၁၉၈၈ ခုနှစ်တွင်ပင် ကျင်းပရန် မပျက်ကွက်ခဲ့သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲများသည် လုံခြုံရေး
အကြောင်းပြ၍ ကန့်သတ်မှုများရှိခဲ့ရာမှ ယခုကဲ့သို့ ဖျော်ဖြေခွင့်ရခြင်းကို များစွာဝမ်းမြောက်
သည်ဟု မန္တလေးအခြေစိုက် အထက်မြန်မာ သတင်းစာစောင်တာဝန်ခံအယ် ဒီတာ ဦးထူးထူးကြွယ်
က ပြောသည်။

ယခင်က ဘုရားကားသာ လှည့်လည် ခဲ့ပြီး ဖျော်ဖြေကားများမပါ၀င်ခဲ့သည့် ၀တ်ဖြူအသင်းများပင်
ယခုနှစ်တွင် တီးဝိုင်းများ၊ နာမည်ကျော်အဆိုတော် များ၊ သရုပ်ဆောင်များကို ငှားရမ်းနေ ကြပြီး 
The Ugly The Warriors စသည့် တီးဝိုင်းများနှင့် ကော်နီ၊ စိုးပြည့်သဇင်၊ ဖြိုးကြီး၊ ကောင်းဆက်၊
လွှမ်းပိုင်၊ ဆင်ပေါက် စသည့်အဆိုတော်များ ပါ၀င်မည်ဟု ၀တ်အသင်းတာဝန်ရှိသူများက ပြောသည်။

"အရင်နှစ်တွေကတော့ ၀တ်အသင်း နှစ်သင်းလောက်က ဖျော်ဖြေရေးမပါဘူး။ ဒီနှစ်က ၀တ်အသင်း
ရှစ်သင်းလုံး ဖျော်ဖြေရေးပါမယ်"ဟု ရန်အောင်(၁)ဓမ္မာရုံမှ ၀တ်ဖြူတောင်အသင်းဥက္ကဋ္ဌ
ဦးဌေးကိုကိုက ပြောသည်။

ယခုလ ၂၉ ရက်တွင် ဖျော်ဖြေရေးကား များသည် မိမိတို့သက်ဆိုင်ရာ ရပ်ကွက်အလိုက် လှည့်လည်
ဖျော်ဖြေကြမည်ဖြစ် ပြီး ၃၀ ရက်တွင် ဘုရားကားများ မြို့တွင်း ဒေသစာရီကြွချီမည်ဖြစ်ကာ ၃၁ ရက်
တွင်မူ ဖျော်ဖြေရေးကားများအားလုံး မြို့တွင်း လည့်လှည်ဖျော်ဖြေကြမည်ဖြစ်သည်။

"မြို့တွင်းမှာ ဆုံရပ် ၂၀ ကျော်မှာ ဖျော်ဖြေမယ်" ဟု ဦးဌေးကိုကိုက ပြောသည်။ ဘုရားကားအလှ
ဆင်ခြင်းနှင့် ဖျော် ဖြေရေးကားများအလှဆင်ခြင်း၊ အဆို တော်များ၊ တီးဝိုင်းများ ငှားရမ်းခြင်းများ
အတွက် တီးဝိုင်း၊ ငှားရမ်းသည့် အဆို တော်များပေါ်မူတည်၍ သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိ
ကုန်ကျသည်ဟု ၀တ်ဖြူ တော်အသင်းတာဝန်ရှိသူများက ပြောသည်။

"အဆိုတော်တွေကလည်း ဘာသာ ရေးပွဲဆိုတော့ ဈေးလျှော့ယူပါတယ်။ တချို့ဆို ပြန်တောင်လှူ
သွားကြပါတယ်" ဦးဌေးကိုကိုက ပြောသည်။

လုံခြံုရေးနှင့်ပတ်သက်၍ အသင်းများ မှ လူငယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ အရန်မီးသတ်
တပ်ဖွဲ့ဝင်များ၊ ကြက် ခြေနီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ကြမည်ဟုလည်း
သိရသည်။

ပျဉ်းမနားမြို့တွင်းသို့ ၀င်ရာလမ်း လေးလမ်းတွင်လည်း မြို့တွင်းသို့ဝင် ရောက်သူများအား တုတ်၊
ဓား၊ လက်နက် များ ယူဆောင်လာခြင်းမရှိစေရန်လည်း စစ်ဆေးမှုများပြုလုပ်မည်ဟု ပျဉ်းမနား
မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်