နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဂျိုက်ကာ)က တည်ဆောက်နေသည့် ဓာတ်ခွဲခန်း ကိုးခု မှာ
လာမည့် စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်သည်။
ဓာတ်ခွဲခန်းကြီးများကို ဂျိုက်ကာက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်းအကုန် အကျခံ
တည်ဆောက်နေခြင်း ဖြစ်သည်။
တည်ဆောက်မှုများကို ၂၀၁၄ ခုနှစ်၊ မတ်လ က စတင်ခဲ့ပြီး လယ်ယာသီးနှံ၊ အပင်မွေးမြူရေး၊
မြေဆီလွှာနှင့် ရေသိပ္ပံ၊ အပင်ရောဂါ၊ ကိမိလဗေဒ၊ ဥယျာဉ်ခြံသီးနှံ၊ စိုက်ပျိုးစီးပွားရေး၊ စိုက်ပျိုးရေး
အင်ဂျင်နီယာနှင့် မွေးမြူ ရေးဆိုင်ရာ ဓာတ်ခွဲခန်းများဖြစ်သည်။
တည်ဆောက်မှု ပြီးဆီးပါက ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက်
ယခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်ကြာ လာရောက် သင်ကြားပို့ချ ပေးမည်ဖြစ်သည်။
"သူတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေက နိုဝင်ဘာလက စရောက်မယ်။ ၂၀၁၉ အထိ ငါးနှစ်၊
အကြာကြီးနေမှာ၊ ပါမောက္ခနှစ်ယောက်လာနေမယ်၊ ပြီးတော့နှစ်တိုကတော့ အစားအသောက်နဲ့
ပတ်သက်လို့ ပညာရှင် ခြောက်လလေက်လာနေမယ်၊ ပြီးရင်ပြန်သွားမယ်၊ နောက်တစ်ခါ
ကျွန်တော်တို့ဆီက ဆရာ ဆရာမတွေကို သူတို့ဆီကို ပညာတော်သင်လွှတ်မယ်၊ သိပ္ပံပါမယ်၊
ပါရဂူဘွဲ့တွေပါမယ်၊ နှစ်တိုသင်တန်း တွေပါမယ်၊ သုံးလသင်တန်း၊ ခြောက်လသင်တန်းပေါ့"ဟု
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ်က ဩဂုတ်လ ၁၀ ရက်နေ့က
ပြောသည်။
"ဒီအတွေ့အကြံုတွေရပြီးရင် သူတို့ပြန်သွားတဲ့အခါမှာ သင်တန်းတွေပြန်ပို့ချမယ်၊ စာတမ်းတွေ၊
သုတေသနတွေလုပ်မယ်၊ ဒီရည်ရွယ်ချက်ပါ"ဟု ၎င်းက ပြောသည်။
ယခုတည်ဆောက်နေသည့် ဓာတ်ခွဲခန်းများ ပြီးစီးသည့်နောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ
စားသောက်ကုန်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန် စနစ်တကျ ထုတ်လုပ်သွားနိုင်မည်ဖြစ်ပြီး
ပြန်လည်တင်ပို့နိုင်မည်ဟု ဒေါက်တာမျိုးကြွယ်က ဆိုသည်။
ဂျပန်နိုင်ငံက ထုတ်လုပ်သည့် စားသောက်ကုန်များအနက် မြန်မာနိုင်ငံတွင် နည်းပညာဖြင့်
မထုတ်လုပ်နိုင်သေးသည့် ဘီစကစ်၊ ချောကလက်တို့ကိုလည်း စနစ်ကျသည့် နည်းပညာများ
ကိုလည်း သင်ကြားပို့ချပေးခြင်းနှင့်အတူ ထုတ်လုပ်သွားမည် ဖြစ်သည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမအများစုသည် ဂျပန်နိုင်ငံတွင်သာ မဟာသိပံဘွဲ့
ရရှိခဲ့ကြပြီး ကိုရီးယား၊ ဂျာမနီ၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့လည်း
ပညာတော်သင်များ စေလွှတ်ခဲ့သည့်အတွက် သုံးပုံတစ်ပုံခန့်မှာ ယနေ့ကာလအထိ နိုင်ငံခြားသို့
ပညာတော် သင်သွားနေရဆဲဖြစ်သည်။
"တစ်နိုင်ငံလုံးမှာ စိုက်ပျိုးရေးတက္ကသိုလ်က တစ်ခုပဲရှိတယ်၊ စိုက်ပျိုးရေးတက္ကသိုလ်ထပ်ချဲ့ဖို့
လူ့စွမ်းအားအရင်းအမြစ်က လိုသေးတယ်၊ အဲဒါက တစ်ချိန်ချိန်မှာတော့ ထပ်ချဲ့ဖို့ရှိမှာပေါ့" ဟု
ဒေါက်တာမျိုးကြွယ်က ပြောကြားခဲ့သည်။
















