နေပြည်တော်၌ စည်းကမ်းမဲ့ ဆိုင်ကယ်အရေးယူမှု လျော့နည်းလာ

နေပြည်တော်၌ စည်းကမ်းမဲ့ ဆိုင်ကယ်အရေးယူမှု လျော့နည်းလာ

အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေတွင် စည်းကမ်းပျက်မော်တော်ဆိုင်ကယ်များကို
ဖမ်းဆီးအရေးယူမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီး ပညာပေးပြန်လွှတ်သည့် အရေအတွက်
ပိုများလာသည်ဟု ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

"ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်စစ်ဆေးရေးအဖွဲ့များမှ နေ့စဉ်ဖမ်းဆီးအရေးယူလျက်ရှိရာ
မော်တော်ဆိုင်ကယ်ဖမ်းဆီးအရေးယူမှုမှာ ၂၀၁၂ ခုနှစ်တွင် ၉,၇၃၀ မှု၊ ၂၀၁၃ ခုနှစ်တွင် ၅,၃၉၆ မှု၊
၂၀၁၄ ခုနှစ်တွင် ၃၉၁၉ မှု၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ အထိ ၁,၄၈၂ မှု
ဖမ်းဆီးအရေးယူခဲ့ပါတယ်"ဟု ၎င်းက ဩဂုတ်လ ၂၄ရက်နေ့က ပြည်သူ့လွှတ်တော်တွင်
ပြောကြားခဲ့သည်။

သို့သော် စစ်ဆေးတွေ့ရှိလျင် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ပညာပေးပြန်လွှတ်လိုက်သည့်
အရေအတွက်မှာ ၂၀၁၂ ခုနှစ်တွင် ၁,၈၆၉ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂,၉၄၈ ဦး၊ ၂၀၁၄ ခုနှစ်တွင်
၃,၂၁၃ ဦး၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့အထိ ၃,၄၆၄ ဦးဖြစ်သည်။

"တချို့က အရေးတကြီးထွက်လာရတော့ ယာဉ်မောင်းလိုင်စင်တို့၊ ၀ှီးတက်(ဆိုင်ကယ်လိုင်စင်)တို့
မေ့ကျန်ခဲ့တာရှိတယ်။ အဲဒီတော့ သေချာရှင်းပြနိုင်ရင် အရေးမယူတော့ဘဲ နောင်မမေ့ဖို့ဆိုင်ကယ်နဲ့
တစ်ပါတည်း ယူဆောင်ဖို့ပြောပြီး ပြန်လွှတ်လိုက်တာရှိတယ်။ ဒါပေမဲ့ ဦးထုပ်မဆောင်းတာ၊
နှစ်ယောက်ထက် ပိုစီးတာမျိုးဆိုရင်တော့ မရဘူး"ဟု နေပြည်တော်ပျဉ်းမနားမြို့မှ
ယာဉ်စည်းကမ်းထိန်းသိမ်းရေးတွင် လိုက်ပါဆောင်ရွက်ခဲ့သူ ဦးခိုင်ထွန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး