ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလတွင် နေပြည်တော်၌
အစွန်းရောက်သမားများ၏ အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်နိုင်ခြင်း မရှိစေရန်
နေပြည်တော်ရဲတပ်ဖွဲ့က လုံခြုံရေးအစီအမံများ စတင်တိုးမြှင့်မည်ဖြစ်ကြောင်း ဒက္ခိဏခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းချွန်က ပြောကြားသည်။
နေပြည်တော် အမှတ်(၁)ရဲစခန်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကားဂိတ်မှူးများ၊ ဘဏ်လုံခြုံရေးတာဝန်ခံများ၊ တည်းခိုခန်း ပိုင်ရှင်များ၊
ရွှေဆိုင်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ကေတီဗီဆိုင် ပိုင်ရှင်များနှင့်
တွေ့ဆုံရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတိုးမြှင့်သည့် အစီအမံများအရ ပြည်သူများကို မသင်္ကာသူများတွေ့ရှိလျှင် ရဲတပ်ဖွဲ့ထံ
သတင်းပေးပို့ရန်နှင့် ဖောက်ခွဲရေးသမားများ ခိုအောင်းနိုင်သည့် ကေတီဗီများကို ည ၁၁ နာရီတွင်
ပိတ်သိမ်းရန် ညွှန်ကြားခဲ့သည်။
"လာမယ့် စက်တင်ဘာလ ၈ ရက်နေ့က စပြီးတော့ မဲဆွယ်စည်းရုံးစဉ် လုံခြုံရေးကာလတွေ
ဖြစ်လာပါမယ်။ ဒီကာလမှာ လုံခြုံရေးအရ ကေတီဗီတွေကို ည ၁၁ နာရီပိတ်ဖို့ဆိုပြီးတော့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က တရားဝင် ညွှန်ကြားထားပါတယ်။ ည ၁၁ နာရီ နေက်ပိုင်းမှာ
ကျွန်တော်တို့ အခါအားလျော်စွာ လိုက်စစ်ဆေးပါမယ်။ ၁၁ နာရီ ပိတ်ဆိုတာ အကြောင်းရှိပါတယ်။
ဖောက်ခွဲရေးသမားတွေက အပြင်စားသောက်ဆိုင်မှာ စားသောက်ပြီး ကေတီဗီမှာ
ညလုံးပေါက်နေမယ်။ သူ သတင်းထောက်လှမ်းစရာ ရှိတာကို ထောက်လှမ်းမယ်။ ပိုင်ပြီဆိုရင်
အဲဒီကနေသူထွက်ပြီး လုပ်မယ်။ ပြီးရင် ဒီအထဲမှာပဲ သူပြန်ခိုမယ်။ ဒါဆိုရင် ကျွန်တော်တို့က
ရှာဖွေရ၊ ကာကွယ်တားဆီးရ ခက်ခဲပါတယ်"ဟု တက်ရောက်လာသော
ကေတီဗီလုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူလူထုကို
ဖောက်ခွဲရေးဆိုင်ရာအသိ ပညာပေးရှင်းလင်းပြောကြားရန်နှင့် ပြည်သူများဘက်ကလည်း
ထူးခြားသည့်သတင်းများ ပေးပို့ပြီး ကူညီလာစေရန် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ခြောက်လခန့်က မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာကြောင်း
နိုင်ငံတကာ ရဲတပ်ဖွဲ့ထံမှ သတင်းပေးပို့ချက် ရရှိထားကြောင်းလည်း ၎င်းကပြောသည်။
"ဒီ ဖောက်ခွဲရေးအုပ်စုက မြန်မာနိုင်ငံထဲကို တမူးလမ်းကြောင်းကနေတစ်ဆင့် ၀င်လာမယ်ဆိုပြီး
သတင်းရတော့ အဲဒီတမူးဘက်မှာ ရှာဖွေရေး၊ ပိတ်ဆို့ရေးတွေ လုပ်တယ်။ အဲဒီမှာ
သတင်းပျောက်သွားပြီး ရခိုင်နဲ့ ချင်းပြည်နယ် နယ်စပ်ပေါ့။ အဲဒီအစပ်ကနေပြီး ၀င်ဖို့ကြိုးစားတော့
ကျွန်တော်တို့ ပိတ်ဆို့ရေးတွေ လုပ်တယ်။ လုပ်တော့ ဒီ အုပ်စုတွေ ပြည်တွင်းမှာ မရောက်ဘူး၊
ရောက်တယ်ဆိုတာ ခုချိန်အထိတော့ ဘာမှ မသိရသေးဘူး" ဟု ဒုတိယရဲမှူးကြီး ၀င်းချွန်က
ဆိုသည်။
ပြည်တွင်းသို့ ၀င်လာသော ဖောက်ခွဲရေးသမားများသည် ဗမာစကားနှင့် ရခိုင်စကားကို
ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သကဲ့သို့ မြန်မာနိုင်ငံအတွင်း လည်လည်ပတ်ပတ်
သွားလာတတ်သူများလည်း ဖြစ်သည်ဟု ဆိုသည်။
ဖောက်ခွဲရေးသမားများတွင် နိုင်ငံရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ ဘာသာရေး
အစွန်းရောက်များနှင့် ကိုယ်ကျိုးစီးပွားသမားများ ပါ၀င်နေကြောင်းလည်း ၎င်းက ပြောသည်။
နေပြည်တော်တွင် မြို့မဈေး၊ သပြေကုန်းဈေးနှင့် ပျဉ်းမနားဘူတာတို့တွင် ပေါက်ကွဲမှုများ
ဖြစ်ပွားခဲ့ဖူးသည်။
"ရွေးကောက်ပွဲနဲ့ ၂၀၁၆ အကူးအပြောင်းမှာ နောက်ထပ်ဖောက်ခွဲမှုတွေ လုပ်မလာနိုင်ဘူးလို့
ပြောလို့မရဘူး" ဟု ဒုတိယရဲမှူးကြီး ၀င်းချွန်က ပြောသည်။

















