ပြည်သူ့လွှတ်တော် အီးမေးလ်ဆာဗာ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရမှု အမှုဖွင့်ထား

ပြည်သူ့လွှတ်တော် အီးမေးလ်ဆာဗာ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရမှု အမှုဖွင့်ထား

နေပြည်တော် ပြည်သူ့လွှတ်တော်၏ အီးမေးလ်ဆာဗာ ဖောက်ထွင်းဝင်ရောက်ခံခဲ့ရသည့်
ဖြစ်စဉ်အား ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ဆာဗာကို ယခင်ထက်ပိုမိုကောင်းမွန် လုံခြံုစေရန်
ဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က ယခုလ
၁ ရက်နေ့တွင် ပြောသည်။

"ပြည်တွင်းက ကုမ္ပဏီတစ်ခုကို အပ်ထားတယ်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်ဆိုတာကတော့
သူတို့ဘာသာရွေးချယ်ပြီး သုံးလိမ့်မယ်။ ဘယ်တော့ပြီးမလဲတော့ မသိရသေးဘူး" ဟု
၎င်းကပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရုံးအရာထမ်းများ အသုံးပြုရန်
ဆောင်ရွက်ထားရှိသော အီးမေးလ်ဆာဗာကို New Generation Wave အမည်ရှိ
ဟက်ကာအဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့တွင် ဥပဒေမဲ့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်ဟု
ပြည်သူ့လွှတ်တော်က ဩဂုတ်လ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဖောက်ထွင်းဝင်ရောက်ခဲ့မှုကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အီးမေးလ်များနှင့်
အရာထမ်းဝန်ထမ်းများ၏ အီးမေးလ်များ ၀င်ေရောက်နှောင့်ယှက်ခြင်း ခံခဲ့ရမှုများ
ကြံုတွေ့ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖောက်ခံရခြင်းဖြစ်ပြီး ယင်းအမှုကို
ပြည်သူ့လွှတ်တော်ရုံးက တရားဥပဒေအတိုင်း အရေးယူပေးပါရန် ဇမ္ဗူသီရိမြို့နယ်၊
အမှတ်(၅) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားသည်။

နောက် ထိုသို့ထပ်မံ မဖြစ်ပွားစေရန်အတွက်လည်း ယခုထက် ပိုမိုကောင်းမွန်လုံခြံုစေရန်
ဆောင်ရွက်နေသည်ဟုလည်း ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

"၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဥပဒေ ရယ်၊ ၂၀၁၃ ခုနှစ် မြန်မာ့ဆက်သွယ်ရေး ဥပဒေ။
အဲဒီတွေထဲမှာ တားမြစ်ချက်တွေ ရှိတယ်။ အဲဒီ ဥပဒေတွေအတိုင်း အမှုဖွင့်ထားပါတယ်"ဟု
၎င်းကပြောသည်။

နေပြည်တော် ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် အီးမေးလ်စနစ်ကို ၂၀၁၃ ခုနှစ်တွင်
စတင်အသုံးပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး