တပ်မတော်က အငြိမ်းစားယူပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏
ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနှင့်
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်တို့သည် နေပြည်တော်တွင် မဲဆွယ်စည်းရုံးမှုများကို
စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
ပုဗ္ဗသီရိမြို့နယ်က ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင် မှာ
အင်အားကြီးပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)နှင့်
အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အနိုင်ရမည်ဟု ယုံကြည်ကြောင်း ယခုလ ၁၄ ရက်နေ့က
၎င်း၏ လွှတ်တော်ကိုယ်စားလှယ်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
"အနိုင်ရဖို့အတွက် ကျော်လွှားရမယ့် ပါတီဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပါတီက
ထူထောင်လာပြီးတဲ့အခါမှာ သူရဲ့ ပုံရိပ်က ကျွန်တော်တို့ရဲ့ အမျိုးသားသူရဲကောင်းတစ်ဦးဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကလည်း သူ့မှာပါတယ်၊ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်
ဆိုတာကလည်း သူ့ရဲ့စွမ်းအင်ရှိတယ်၊ လူထုရဲ့ ကြိုက်နှစ်သက်မှုတွေလည်းရှိတယ်၊
အဲဒီတော့ ကိုယ့်ပြိုင်ဘက်က ဒီလောက်မစွမ်းသော်လည်းဘဲ နောက်ကရှိနေတဲ့ ပုံရိပ်တွေက
ထင်ရှားကျော်ကြားမှုတွေ ရှိတဲ့အတွက် ဒီအချက်ကို ကျော်လွှားရမှာ ဖြစ်တယ်"ဟု ၂၀၀၆ ခုနှစ်၊
မေလမှ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လအထိ နေပြည်တော်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ
၎င်းက ပြောသည်။
တရားသဘောအရ ကောင်းတာလုပ်လျှင် ကောင်းတာပဲ ခံစားရမည်ဆိုသည့် အတွက်ကြောင့်
အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
"လူဆိုတာ ပြိုင်ပြီဆိုရင်တော့ အနိုင်လိုချင်တဲ့အတွက် နိုင်မယ်ဆိုတဲ့ စိတ်တော့ ရှိပါတယ်။
သို့သော်လည်းပဲ ဒါဟာ ကိုယ့်ရဲ့ ယုံကြည်ချက်ပဲဖြစ်ပါတယ်။ အဆုံးအဖြတ် ပေးတာကတော့
ပြည်သူပဲ အဆုံးအဖြတ်ပေးရတာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ဦးဝေလွင်သည် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်၍ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာများသို့
သွားရောက် မဲဆွယ်စည်းရုံးနေသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်တွင် ဦးဝေလွင်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရည်မွန်ခေါ်
မောင်သစ်တင်နှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမြင့်လွင်သန်း တို့လည်း
ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဇေယျာသီရိမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့်
ဦးလှဌေးဝင်း ကလည်း စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် အလေးအနက်ထား
ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မဲဆွယ်စည်းရုံးစဉ် ပြောကြားခဲ့သည်။
"တချို့ကိစ္စတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးလို့ ရတာတွေရှိပါတယ်။ ချက်ချင်း မလုပ်နိုင်တဲ့
ကိစ္စတွေကို နောက်ကျရင် ဖြည်းဖြည်းလုပ်ပေးမယ်။ ကျွန်တော်က ကတိကို လွယ်လွယ်
မပေးတတ်ပါဘူး။ ပေးပြီးသား ကတိကိုလည်း ဖြစ်အောင်လုပ်မှာပါ။ ဒါမှန်ကန်တဲ့
သစ္စာစကားပါ"ဟု ယခုလ ၁၃ ရက်နေ့က မရင်းကြီးကျေးရွာ၌ မဲဆွယ်စည်းရုံးစဉ် ပြောကြားသည်။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးလှဌေးဝင်းနှင့်အတူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်ခင်မျိုးသွင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက ဦးလှမြင့်နှင့် ဦးသန်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမြင့်ရွှေတို့
ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

















