နေပြည်တော်အခြေပြု အဝေးပြေးခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ မိုးရာသီတစ်လျှောက်
အရှုံးခံပြေးဆွဲခဲ့ရသည်ဆိုပြီး ရပ်တည်နိုင်ရန် ရုန်းကန်နေကြရသည်ဟု နေပြည်တော် မော်တော်
ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေး ပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောသည်။
"နဂိုကမှ အရှုံးခံပြေးဆွဲနေရတဲ့အထဲ ရန်ကုန်မန္တလေးပြေးတဲ့ ယာဉ်တွေကပါ ခရီးသည်
၀င်ဆွဲနေတော့ သိပ်မလွယ် လှပါဘူး"ဟု ၎င်းက ယခုလ ရ ရက်နေ့က ပြောသည်။
နေပြည်တော်မှ အခြားမြို့များသို့ ပြေး ဆွဲနေသည့် ခရီးစဉ်များကို နေပြည်တော် အခြေပြုယာဉ်လိုင်း
များအပြင် အခြား ဒေသများတွင် အခြေစိုက်သည့် ယာဉ် လိုင်းများကပါ ပြေးဆွဲလျက်ရှိသည့်အပြင်
ရန်ကုန်နှင့်မန္တလေး တိုက်ရိုက်ပြေးဆွဲနေသည့် ယာဉ်လိုင်းများကလည်း နေပြည်တော်တွင်
တစ်ထောက်ဝင်ကာ ခရီးသည် ရယူလျက်ရှိသည်။ အဝေးပြေးခရီးသည် ပို့ဆောင်ရေး
လုပ်ငန်းများ၏ နှစ်စဉ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ မေလဒုတိယပတ်မှစတင်ကာ
အောက်တိုဘာလ ဒုတိယ ပတ်အထိ ခရီးသွားလျော့နည်းခဲ့သည်။ "တို့လုပ်ငန်းတွေက
တစ်နှစ်မှာခြောက် လရှုံး၊ ခြောက်လစားပဲ။ ပွင့်လင်းရာသီမှာ စုဆောင်းခဲ့တာလေးတွေဟာ
ဒီမိုးရာသီ မှာ ပြန်ထုတ်သုံးရတာချည်းပဲ" ဟု ကြယ်စင်ဟိန်း အဝေးပြေးခရီးသည် ပို့ဆောင်ရေး
လုပ်ငန်းက ဦးမြတ်မိုးက ပြောသည်။
ခရီးသည်တင်ယာဉ် ၁၀ စီးဖြင့် နေပြည် တော်မှ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရေဦး၊ လားရှိုးနှင့်
တောင်ကြီးမြို့များသို့ ပြေးဆွဲ လျက်ရှိသော ၎င်းတို့ယာဉ်အသင်းသည် မိုးရာသီတွင် နှစ်စဉ်
အရှုံးခံပြေးဆွဲနေရပြီး အရှုံးသက်သာစေရန်သာ ဦးတည် ကြိုးပမ်း နေရကြောင်းလည်း ၎င်းက
ဆက်လက် ပြောကြားသည်။ "အကုန်လုံးဒီအတိုင်းပဲ၊ ယာဉ်အသင်း အားလုံးက အမြတ်ရဖို့
ဆိုတာထက် အရှုံး သက်သာဖို့ကိုပဲ ဦးတည်ကြိုးပမ်းနေကြရ တာ"ဟု ဦးဝင်းဆွေက ပြောသည်။
နေပြည်တော် အခြေပြုယာဉ်အသင်း ၁၁ သင်းရှိသည်။ ယာဉ်စီးရေ အိတ်စပရက်စ် ၁၀၂ စီး၊
စီးတီးဘတ်စ် ၁၀၁ စီးတို့ဖြင့် နေပြည်တော်မှ ပြည်၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ မကွေး၊
ပဲခူး၊ ဘားအံ၊ မူဆယ်၊ ပြင်ဦးလွင်၊ ရန်ကုန်၊ မန္တလေးစသည်ဖြင့် မြို့ပေါင်း ၃၀ ကျော်သို့ ပြေးဆွဲလျက်
ရှိသည်။
အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေစိုက်ပြီး နေပြည်တော်နှင့်ချိတ်
ဆက်ပြေးဆွဲသည့် ယာဉ်အသင်းနှင့်ယာဉ်အင်အားမှာ ဒေသအခြေပြု ယာဉ်များထက်
ပိုမိုများပြားနေသည်။ အခြားအခြေစိုက် ယာဉ်အသင်း ၅၆ သင်း က ယာဉ်စီးရေ ယာဉ်ကြီး
၄၄၀ နှင့် စီးတီးဘတ်စ် ၃၄ စီးတို့ဖြင့် ပြေးဆွဲနေသည့်အပြင် မီနီ/မိုက်ခရိုဘတ်စ် အစီး ၂၀၀ ကျော်နှင့်
ဟိုင်းလတ်/ဒိုင်နာယာဉ် ၆၀ ခန့် လည်း ၀င်ရောက်ပြေးဆွဲလျက်ရှိသည်။
"ဒီမှာအခြေပြုတဲ့ ယာဉ်အသင်းတစ်သင်းက ရန်ကုန်မှာလည်း ဂိတ်ဖွင့်ဖို့ ကြိုး စားမယ်ဆိုရင်
အောင်မင်္ဂလာမှာ ဂိတ်ခန်း ငှားခကပဲ တစ်လကို ခုနစ်သိန်းလောက်ရှိ တယ်။ ဒီတော့မတတ်နိုင်
ဘူးပေါ့။ နောက် ပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ အသင်းတွေကလည်း ၀င်ရောက်လာပြန်
တော့သူတို့မှာ တခြားခရီးစဉ်ကိုပဲ လမ်း ကြောင်းပြောင်းရင်ပြောင်း မဟုတ်ရင်လည်းဒီ
အတိုင်းပဲနေပေရော့" ဟု ဦးဝင်းဆွေက ပြောသည်။
















