နေပြည်တော်အခြေစိုက် အဝေးပြေး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ ရုန်းကန်နေရ

နေပြည်တော်အခြေစိုက် အဝေးပြေး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ ရုန်းကန်နေရ

နေပြည်တော်အခြေပြု အဝေးပြေးခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ မိုးရာသီတစ်လျှောက်
အရှုံးခံပြေးဆွဲခဲ့ရသည်ဆိုပြီး ရပ်တည်နိုင်ရန် ရုန်းကန်နေကြရသည်ဟု နေပြည်တော်
မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက
ပြောသည်။

"နဂိုကမှ အရှုံးခံပြေးဆွဲနေရတဲ့အထဲ ရန်ကုန်-မန္တလေးပြေးတဲ့ ယာဉ်တွေကပါ ခရီးသည်
၀င်ဆွဲနေတော့ သိပ်မလွယ်လှပါဘူး"ဟု ၎င်းက ယခုလ ရ ရက်နေ့က ပြောသည်။

နေပြည်တော်မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးစဉ်များကို နေပြည်တော် အခြေပြု
ယာဉ်လိုင်းများအပြင် အခြားဒေသများတွင် အခြေစိုက်သည့် ယာဉ်လိုင်းများကပါ
ပြေးဆွဲလျက်ရှိသည့်အပြင် ရန်ကုန်နှင့် မန္တလေး တိုက်ရိုက်ပြေးဆွဲနေသည့်
ယာဉ်လိုင်းများကလည်း နေပြည်တော်တွင် တစ်ထောက်ဝင်ကာ ခရီးသည် ရယူလျက်ရှိသည်။

အဝေးပြေးခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ၏ နှစ်စဉ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ
မေလဒုတိယပတ်မှ စတင်ကာ အောက်တိုဘာလ ဒုတိယပတ်အထိ ခရီးသွားလျော့နည်းခဲ့သည်။

"တို့လုပ်ငန်းတွေက တစ်နှစ်မှာခြောက်လရှုံး၊ ခြောက်လစားပဲ။ ပွင့်လင်းရာသီမှာ
စုဆောင်းခဲ့တာလေးတွေဟာ ဒီမိုးရာသီမှာ ပြန်ထုတ်သုံးရတာချည်းပဲ" ဟု ကြယ်စင်ဟိန်း
အဝေးပြေးခရီးသည် ပို့ဆောင်ရေးလုပ်ငန်းက ဦးမြတ်မိုးက ပြောသည်။

ခရီးသည်တင်ယာဉ် ၁၀ စီးဖြင့် နေပြည်တော်မှ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရေဦး၊ လားရှိုးနှင့်
တောင်ကြီးမြို့များသို့ ပြေးဆွဲလျက်ရှိသော ၎င်းတို့ယာဉ်အသင်းသည် မိုးရာသီတွင်
နှစ်စဉ်အရှုံးခံပြေးဆွဲနေရပြီး အရှုံးသက်သာစေရန်သာ ဦးတည် ကြိုးပမ်းနေရကြောင်းလည်း
၎င်းက ဆက်လက်ပြောကြားသည်။

"အကုန်လုံး ဒီအတိုင်းပဲ၊ ယာဉ်အသင်း အားလုံးက အမြတ်ရဖို့ဆိုတာထက် အရှုံးသက်သာဖို့ကိုပဲ
ဦးတည်ကြိုးပမ်းနေကြရတာ"ဟု ဦးဝင်းဆွေက ပြောသည်။

နေပြည်တော် အခြေပြုယာဉ်အသင်း ၁၁ သင်း ရှိသည်။

ယာဉ်စီးရေ အိတ်စပရက်စ် ၁၀၂ စီး၊ စီးတီးဘတ်စ် ၁၀၁ စီးတို့ဖြင့် နေပြည်တော်မှ ပြည်၊
မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး၊ မကွေး၊ ပဲခူး၊ ဘားအံ၊ မူဆယ်၊ ပြင်ဦးလွင်၊ ရန်ကုန်၊ မန္တလေး
စသည်ဖြင့် မြို့ပေါင်း ၃၀ ကျော်သို့ ပြေးဆွဲလျက်ရှိသည်။

အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေစိုက်ပြီး နေပြည်တော်နှင့်
ချိတ်ဆက်ပြေးဆွဲသည့် ယာဉ်အသင်းနှင့် ယာဉ်အင်အားမှာ ဒေသအခြေပြုယာဉ်များထက်
ပိုမိုများပြားနေသည်။

အခြားအခြေစိုက် ယာဉ်အသင်း ၅၆ သင်းက ယာဉ်စီးရေ ယာဉ်ကြီး ၄၄၀ နှင့် စီးတီးဘတ်စ်
၃၄ စီးတို့ဖြင့် ပြေးဆွဲနေသည့်အပြင် မီနီ/မိုက်ခရိုဘတ်စ် အစီး ၂၀၀ ကျော်နှင့်
ဟိုင်းလတ်/ဒိုင်နာယာဉ် ၆၀ ခန့်လည်း ၀င်ရောက်ပြေးဆွဲလျက်ရှိသည်။

"ဒီမှာအခြေပြုတဲ့ ယာဉ်အသင်းတစ်သင်းက ရန်ကုန်မှာလည်း ဂိတ်ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင်
အောင်မင်္ဂလာမှာ ဂိတ်ခန်းငှားခကပဲ တစ်လကို ခုနစ်သိန်းလောက် ရှိတယ်။ ဒီတော့
မတတ်နိုင်ဘူးပေါ့။ နောက်ပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ အသင်းတွေကလည်း
၀င်ရောက်လာပြန်တော့သူတို့မှာ တခြားခရီးစဉ်ကိုပဲ လမ်းကြောင်းပြောင်းရင်ပြောင်း
မဟုတ်ရင်လည်း ဒီအတိုင်းပဲနေပေရော့" ဟု ဦးဝင်းဆွေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး