ရွေးကောက်ပွဲနိုင်မည်ဟု မခန့်မှန်းနိုင်ကြောင်း ဦးမြင့်လှိုင် ပြောကြား

ရွေးကောက်ပွဲနိုင်မည်ဟု မခန့်မှန်းနိုင်ကြောင်း ဦးမြင့်လှိုင် ပြောကြား

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်၌ပင်
ထပ်မံယှဉ်ပြိုင်မည်ဖြစ်သော်လည်း ယခုရွေးကောက် ပွဲတွင် ကျိန်းသေပေါက် အနိုင်ရရှိမည်ဟု
ခန့်မှန်းနိုင်ခြင်းမရှိကြောင်း ဒက္ခိဏသီရိ မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ယခုလ ၂၂ ရက်က
သတင်းထောက်များကို ပြောကြားခဲ့သည်။

"ပြည်သူတွေကတော့ အမျိုးမျိုးသော အယူအဆတွေရှိနေတဲ့အတွက် တိတိကျကျ
ကြိုတင်ခန့်မှန်းနိုင်တဲ့ အခြေအနေမရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပြည်သူတွေ
အပေါ် ကျွန်တော်လုပ်ပေးခဲ့တာတွေ အပေါ် ကို ပြည်သူတွေက ပြန်ပြီးတုံ့ပြန်မှာလား။ ကျွန်တော့်ကို
ဆက်လက်ပြီး ယုံကြည်မှု ရှိနေ မလား၊ မရှိဘူးလား။ အဲဒါတွေအပေါ်မှာ ဆုံးဖြတ်ရပါမယ်"ဟု
၎င်းက ပြောသည်။ ဦးမြင့်လှိုင်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ
နယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ်
ခန့်အပ်ခံခဲ့ရသည်။ သို့သော် ထိုအချိန်က အင်အားကြီးပါတီအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီတစ်ခုသာ ရှိခဲ့သော်လည်း ယခုလာမည့် ရွေးကောက်ပွဲတွင်မူ လူထုထောက်ခံမှု
အားကောင်းပြီး အင်အားကြီးသော အတိုက်အခံပါတီတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်နေသည့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ဦးမြင့်လှိုင်မှာ အနိုင်ရရှိရန်
မလွယ်ကူတော့ကြောင်း သုံးသပ်ဝေဖန်မှုများရှိနေသည်။

"ရိုးရိုးသားသားပြောရရင် ကျွန်တော့် ခေါင်းထဲမှာ နိုင်ဖို့ မနိုင်ဖို့ ဆိုတာမရှိဘူး။ ကိုယ်လုပ်စရာ
ရှိတာလုပ်မယ်။ တိုင်းပြည်ရဲ့ ကွက်လပ်တစ်ခုကို ကျွန်တော်တို့ ဆောင် ရွက်နေတယ်။ ပြည်သူ
လူထုအနေနဲ့ နိုင်ငံရေး ပြောင်းလဲမှုမှာ လမ်းကြောင်းပေါ်မှာ ကျွန်တော် တို့က လမ်းခင်းပေးဖို့
လိုသေးတယ်လို့ ယူဆလို့သာလျှင် တစ်ထောင့်တစ်နေရာက ပါ၀င်ဆင်နွှဲနိုင်လောက်တဲ့
အတွေ့အကြံုရှိတယ်ဆိုပြီး ယုံကြည်လို့ ဒီယှဉ်ပြိုင်ပွဲကို ၀င်တာ ဖြစ်တယ်"ဟု ဦးမြင့်လှိုင်က
ပြောကြားသည်။ တစ်ဖက်ပါတီကို ယှဉ်ပြိုင်ရာတွင်လည်း မတော်မတရား၊ ကောက်ကျစ်
သည့်နည်းဖြင့် အနိုင်ရရှိအောင် လုံးဝ ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် အနိုင်ရရှိခဲ့ပါက ဖွံ့ဖြိုးမှုနောက် ကျနေသည့် နိုင်ငံတစ်ခုအဖြစ်က ကမ္ဘာအလယ်တွင်
တင့်တယ်သည့်နိုင်ငံတစ်ခု အဖြစ် ရပ်တည်နိုင်အောင် တတ်နိုင်သမျှ စွမ်း ဆောင်ပေးမည်ဟု
ဆိုသည်။ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးပါတီက ဦးနိုင်မင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန့်စင်ထွန်းတို့လည်း
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး