တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက နေပြည်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး ရေးကို တစ်အိမ်တက်ဆင်း ဆောင်ရွက်နေကြသည်
ဟု ပါတီကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။
"တခြားပါတီတွေလိုတော့ လူအင်အားတွေ၊ ကားတွေနဲ့ မသွားနိုင်ဘူးလေ၊ ဆိုင်ကယ်နဲ့ပဲ
တစ်အိမ်ဆင်း တစ်အိမ်တက် စည်းရုံးရေး လုပ်ရတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာ ပိုပြီး
ထိရောက်ပါတယ်"ဟု ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးသာအောင်က စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြော ကြားသည်။ မဲဆွယ်စည်းရုံးရေးအတွက်
ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် အထွေထွေအသုံး စရိတ်အဖြစ် ကျပ်ရှစ်သိန်းမှ ၁၀ သိန်းကြား
ထောက်ပံ့ပေးရန် ပါတီဌာနချုပ်က လျာထားသော်လည်း ဘဏ္ဍာငွေ အခြေအနေကြောင့်
မရရှိသေးဟုလည်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ပါတီက တခြားပါတီတွေ လို မချမ်းသာဘူး၊ ဆင်းရဲတယ်။ အဲဒါကြောင့်
လောလောဆယ်တော့ ပါတီက ထောက်ပံ့ငွေ လည်း ဘတ်ဂျက်အခြေအနေအရ
အခုထိ တော့မရသေးဘူးပေါ့။ အခုလည်း ကိုယ့်ငွေထဲ က ငါးသိန်းလောက်က လက်ကမ်း
စာစောင်ဖိုး နဲ့ကုန်နေပြီ"ဟု ဦးသာအောင်က ပြောသည်။ သို့သော်လည်း ကိုယ်စားလှယ်လောင်း
အဖြစ် ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးသွင်း ရသည့် ကျပ်သုံးသိန်းကိုမူ ပါတီဌာနချုပ်က
ထောက်ပံ့ပေးထားပြီးဖြစ်သည်။
ပါတီက ယခုရွေးကောက်ပွဲကို ယုံကြည်မှု ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ကိုယ်စားလှယ်လောင်းများအားလုံး အနိုင်ရရှိရေးသည် ပြည်သူများ၏ ဆန္ဒက အဓိကဖြစ်
သည်ဟု တပ်ကုန်းမြို့နယ်၊ အမျိုးသားလွှတ်တော်အမှတ်(၉)မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း
ဦးမြင့်ဦးက ပြောကြားသည်။ "လာမယ့် ရွေးကောက်ပွဲက ၂၀၁၀ ထက် စာရင် အများကြီး
ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ပါတီကတော့ နေပြည်တော်ထဲမှာ ပြည်သူ့လွှတ်တော်
နှစ်နေရာနဲ့ အမျိုးသားလွှတ်တော် တစ်နေရာကို မှန်းထားပါတယ်" ဟု ဦမြင့်ဦးက
ပြောကြားသည်။
"ကျွန်တော်တို့ကတော့ အပြေးပြိုင်ပွဲ တစ်ခုမှာ ညီတူညီမျှ ပြိုင်ရင် အားရှိသလောက်
ပြေးရမှာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲမှာသက် ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း
တွေရဲ့ လုပ်ရပ်တွေက သမာသမတ်ကျဖို့ လို တယ်"ဟု ၎င်းက ပြောကြားသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ သည် ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ
နယ်မြေ)ရှိ တပ်ကုန်း၊ ဇေယျာသီရိ နှင့် ဒက္ခိဏသီရိမြို့နယ်များတွင် ပြည်သူ့ လွှတ်တော်နေရာ
ခြောက်နေရာအတွက် လည်းကောင်း၊ ဇမ္ဗူသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့ နယ်များတွင်
အမျိုးသားလွှတ်တော်နေရာ နှစ်နေရာအတွက်လည်းကောင်း ၀င်ရောက်
ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရအဖွဲ့ထဲသို့ ရောက်ရှိပါက နေပြည်တော်၌
၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ကျောင်းကို တည်ဆောက်ပေးနိုင်ရန် ကြိုးစားမည်ဟုလည်း
ပြောကြားထားသည်။ "ပါတီရဲ့ ရည်မှန်းချက်ထဲမှာတော့ နေပြည် တော်မှာ တက္ကသိုလ်ဆောက်ဖို့
မပါပေမယ့် လည်း လူငယ်တွေရဲ့ အနာဂတ်ပညာရေးဆို တာတော့ ပါပါတယ်။ ဒါပေမဲ့
နေပြည်တော် တက္ကသိုလ်ကြီးပေါ်ထွန်းဖို့ ဆိုတာက အခု နေပြည်တော်ခရိုင်မှာ ရှစ်မြို့နယ်
ရှိတဲ့အထဲက အထူးသဖြင့် ခရိုင်နှစ်ခုဖြစ်တဲ့ ဥတ္တရနဲ့ ဒက္ခိဏ ခရိုင်ပေါ့"ဟု ဦးသာအောင်က
ပြောသည်။ မဲဆန္ဒရှင်များအတွက် ပါတီ၏ ကတိပြု ချက် ၁၁ ချက်ရှိသည့်အနက်
နေပြည်တော်တွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် တည်ဆောက်ခွင့် ရရှိရေးအပြင် တောင်သူလယ်
သမားများ မြေယာပိုင်ဆိုင်ခွင့်ရရှိရန်၊ ဒေသ၊ ရာသီဥတု နှင့် စီးပွားကိုက် စိတ်ကြိုက်သီးနှံများ
စိုက်ပျိုး ခွင့်ရရှိရန်တို့အတွက်လည်း မဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံးရာတွင် ကတိပြုခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်၊ တပ်ပိုးကျေးရွာဒေသခံဖြစ်သူ ၄၇ နှစ်
အရွယ် ဒေါ်နှင်းဆီက "သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ အေးအေးဆေးဆေးပဲ နေချင်တယ်။
အခုလိုပဲ တောင်သူတွေ ကိစ္စလာပြောတော့ လည်း ပိုကောင်းတာပေါ့။
၀ယ်တဲ့မြေဩဇာဈေးနှုန်းတွေလည်း သက်သာစေချင်တယ်၊ တောင်သူဆိုတာလည်း
စပါးဈေးကောင်းမှ အဆင်ပြေမှာ၊ ဘယ်လိုပဲ ပြောပြောကောင်းတဲ့ ဘက်ကိုတော့
ဆန္ဒမဲပေးရမှာပေါ့" ဟု ပြောသည်။

















