ပျဉ်းမနားမြို့ ပေါင်းလောင်းပြည်သူ့ အားကစားကွင်းကို မြို့ခံပြည်သူများက ရာနှုန်းပြည့်တာဝန်
ယူမည်ဆိုပါက ကစားကွင်းနှင့် သက်ဆိုင်သည့် ကိစ္စအားလုံးကို တာဝန်ယူ မည့် မြို့ခံအဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဟု နေပြည်တော်ကောင်စီဝင်
ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။
"ကျွန်တော်တို့ဘက်က ပြန်ပေးရဖို့ ၀န်မလေးဘူး။ ဒီကစားကွင်းနဲ့ ပတ်သက်တဲ့
ထိန်းသိမ်းစောင့်ရှောက်စရိတ်တွေကို မြို့မိ၊ မြို့ဖ တွေက တာဝန်ယူမယ်ဆိုရင် ပြန်ပေးမယ်။
ဘယ်လိုတာဝန်ယူမလဲ။ ငွေကို ဘယ်လိုရှာ မလဲ။ ဘယ်ကပိုက်ဆံနဲ့ ထိန်းသိမ်းစောင့်
ရှောက်မှာလဲဆိုတာကိုတော့ တိတိကျကျ လေး အစီအစဉ်ဆွဲပြီးပြဖို့လိုတယ်။ ပျဉ်းမနားက
ဇိ၀ိတဒါန သံဃာ့ဆေးရုံကိုတောင် ကျွန် တော်တို့ ပြန်ပေးခဲ့တာပဲလေ။ တစ်ခုရှိတာက
လက်ရှိ ထိန်းသိမ်းထားသလိုမျိုးဖြစ်ဖို့ တော့လိုတာပေါ့"ဟု ၎င်းက ပြီးခဲ့သည့် ရက်သတ္တပတ်က
ပြောသည်။ ပေါင်းလောင်း အားကစားကွင်းသည် ပျဉ်းမနားမြို့နေပြည်သူများ၏ လုပ်အားဖြင့်
ဆောင်ရွက်ထားသည့် ကစားကွင်းတစ်ကွင်း ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်၊ မတ်၂၉ ရက်နေ့တွင်
မူလပိုင်ရှင်တို့၏ အမည်အစား အားကစား ၀န်ကြီးဌာန၏ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ အားကစားကွင်းကို နေပြည်တော်အက်ဖ်စီဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ်
အသုံးပြုရန် အားကစားဝန်ကြီးဌာနက နေပြည်တော်အသင်းကို ငှားရမ်းထားသည်။ ယခုအခါ
အဆိုပါကွင်းကို နေပြည်တော်အက်ဖ်စီ၏ အိမ်ကွင်းအဖြစ် ဘောလုံးပွဲများ ကျင်းပခြင်း၊
အသင်း၏ လေ့ကျင့်ခြင်းများ အတွက် အသုံးပြုနေသည်။ "ယုံဖို့တော့မရှိဘူးဗျ။ ဘာလို့လဲ
ဆိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသ ပိုင် အားကစားကွင်းတွေကို ပြန်ပေးဖို့
သမ္မတ ရုံးက စာထွက်ဖူးတယ်။ အားကစားဝန်ကြီး ဌာနက မပေးဘူး။ အဲဒီတုန်းက
ကျွန်တော်တို့ နေပြည်တော်ကောင်စီနဲ့ တိုင်ပင်ပြီး လုပ်ဖို့ စီစဉ်ကြတယ်။
နေပြည်တော်ကောင်စီက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ချက်မချ နိုင်တာကို
တွေ့ရတယ်။ အဲဒီတော့ အခု နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်ပြောတဲ့ စကားက
ယုံဖို့တော့ မရှိဘူးဗျ။ အခြေအနေ အချိန်အခါအရ ဒီစကားကို ပြောတာလို့ပဲ ကျွန်တော်
ထင်တယ်"ဟု ပေါင်းလောင်း အားကစားကွင်းကို ပျဉ်းမနားမြို့နေ ပြည်သူများ ပိုင်ဆိုင်ခွင့်
ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းလာသူ ပျဉ်းမနားမြို့ မင်္ဂလာ သာခေါင်ရပ်နေ
ဦးအုန်းလွင်က ပြောသည်။
ဦးမျိုးညွန့်သည် လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်
ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ပျဉ်းမနား ပြည်သူ လို လားနေသည့် ပေါင်းလောင်းကွင်းကို
ပြန်ပေးမည်ဟု ပြောကြားခြင်းဖြစ်သည်ဟု ဆိုသည်။ "မြို့ခံတွေနဲ့ဖွဲ့ထားတဲ့ ကော်မတီရှိပါ
တယ်။ ပေါင်းလောင်းအားကစားကွင်း ထိန်း သိမ်းရေးကော်မတီ လက်ထဲကို အပ်ပြီး
ကော်မ တီက အားကစားကွင်းရဲ့ စရိတ်အဝဝကို အကုန်အကျခံရမယ်။ စီမံခန့်ခွဲမှု အဝဝကို
လည်းကော်မတီကို လွှဲအပ်တယ်ဆိုရင်တော့ သဘာဝကျပါတယ်။ ကော်မတီက
စီမံခန့်ခွဲ နိုင်အောင် မြို့သူမြို့သားတွေက ကူညီဖို့ပဲ ရှိပါတယ်။ ကော်မတီကလည်း
တကယ်လုပ် နိုင်ပါတယ်ဆိုတဲ့ အာမခံချက်ရှိမှ ပေးနိုင်မှ လက်ခံဖို့ကောင်းပါတယ်" ဟု
ပျဉ်းမနားမြိုခံ တစ်ဦးလည်းဖြစ်သူ နေပြည်တော် ဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး
ဦးခင် မောင်ဇော်က ပြောသည်။ ပျဉ်းမနားမြို့ခံများ၏ သဘောထားမပါဘဲ
ငှားရမ်းလိုက်ပြီးနောက်ပိုင်း အသစ်ထပ်မံ တည်ဆောက်ထားသည့် အဆောက်အအုံများ
ပြုပြင်ထိန်းသိမ်းမှုများအတွက် ကုန်ကျ ခဲ့သော ကုန်ကျစရိတ်များကိုပါ တွက်ချက် ပြန်
လည်တောင်းယူမည်ဆိုပါက သဘာဝမကျကြောင်း၊ အကြောင်းမှာ ငှားရမ်းလိုက်သည့်
ကာလအတွင်း အဆိုပါ အားကစားကွင်းကို ပျဉ်းမနားသူ၊ ပျဉ်းမနားသားများ အသုံးမပြုခဲ့ရသကဲ့သို့
ပျဉ်းမနား မြို့နယ်တွင်းကျင်းပသည့် ဘောလုံးပွဲများကိုပင်၎င်းအားကစားကွင်းအတွင်း ပြုလုပ်ခွင့်
မရရှိခဲ့သောကြောင့် ဖြစ်ကြောင်း၎င်းက ပြောကြားသည်။
"အဆင့်မြှင့်တင် လိုက်တယ်ဆိုတဲ့ ကိစ္စ တွေက ပျဉ်းမနားသားတွေအတွက်မဟုတ်ဘူး။
ငှားရမ်းတဲ့ကုမ္ပဏီက သူတို့ အရေး အတွက် လုပ်တာဖြစ်လို့ အဲဒီစရိတ်တွေကို ပြန်တောင်းမယ်
ဆိုရင် ဥပမာအားဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာနိုင်ငံ ကို သိမ်းယူခဲ့တဲ့
စစ်သုံးစရိတ်တွေကို အင်္ဂလိပ် အစိုးရကို ပြန်ပေးရသလိုပဲဗျ။ ဆရာကြီးသခင်
ကိုယ်တော်မှိုင်းပြောခဲ့သလို မမွေးခင် ကြွေး တင်တဲ့အဖြစ်မျိုးဖြစ်နေမယ် ဆိုရင်တော့
သဘာဝမကျဘူး"ဟု ဦးခင်မောင်ဇော်က ပြောသည်။

















