လယ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး တောင်သူအချို့ ဦးမြင့်လှိုင်ကို မဲဆွယ်ပွဲ၌ မေးခွန်းများထုတ်

လယ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး တောင်သူအချို့ ဦးမြင့်လှိုင်ကို မဲဆွယ်ပွဲ၌ မေးခွန်းများထုတ်

လယ်ယာမြေသိမ်းဆည်းခံခဲ့ရသည့် တောင်သူများက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ မဲဆွယ်စည်းရုံးပွဲများတွင်
မြေယာကိစ္စများ လိုက်လံမေးမြန်းခဲ့ကြသော်လည်း တိကျသည့် အဖြေမရရှိခဲ့ကြဟုဆိုသည်။

"မဲဆွယ်ပွဲအပြီး ကျွန်တော်မေးတယ်။ သူကပြန်ဖြေတယ်။ တိကျတဲ့ အဖြေမရဘူး။ ဒါကြောင့်
ကျွန်တော်က မိုက်ထပ်ပြီးတောင်းတယ်။ မပေးတော့ဘူး။ ပေးလာရင် ကျွန်တော်က ၂၀၁၀ ကနေ
၂၀၁၅ အစိုးရ သက်တမ်းလည်း ကုန်တော့မယ်။ ကျွန်တော်တို့ မြေသိမ်းခံတောင်သူတွေအတွက်
ဖြေရှင်း ဆောင်ရွက်ပြီးပြီလား သိချင်ပါတယ်လို့ မေးချင်တာ။ မိုက်မပေးတော့ဘူး"ဟု
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဂူနှစ်လုံးဆယ်စုကျေးရွာမှ ဦးခင်မောင်တင့်က
စက်တင်ဘာလ ၂၃ ရက်နေ့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊
ရွှေခဲအင်းကျေးရွာတွင် ပြုလုပ်သည့် ဦးမြင့်လှိုင်၏ မဲဆွယ်စည်းရုံးပွဲအပြီး သတင်းသမားများကို
ပြောသည်။

သိမ်းဆည်းခံရသည့် လယ်ယာမြေများမှာ အကွက်အမှတ် (၁,၈၇၅) ဖြစ်ပြီး ဦးမြင့်လှိုင်၏
ဇနီး ဒေါ်ခင်သန့်စင် အမည်ဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စုစုပေါင်း လယ်ယာမြေ ၄၃ ဧကကို မြေပိုင်ရှင် တောင်သူ ၁၅ ဦးထံက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး
တောင်သူ သုံး၊ လေးဦး ခန့်မှလွဲပြီး ကျန်တောင်သူများမှာ လျော်ကြေးငွေ မရရှိသေးဟု ဆိုသည်။

"အချိန်မရှိ၊ အခါမရှိ ည ၁၁ နာရီလောက် မှာ တိုးတိုးတိတ်တိတ် လျော်သွားတာ"ဟု တောင်သူ
သုံးဦးခန့်ကို လျော်ကြေးငွေ လက်သိပ်ထိုးပေးအပ်ခဲ့ပုံနှင့် ပတ်သက်၍ ဦးခင်မောင်တင့်က
ပြောသည်။

"ကျွန်တော်တို့ လယ်မြေတွေနဲ့ တစ်ဆက်တည်းရှိတဲ့ လယ်ယာမြေတွေကို အိုးအိမ်ဦးစီးဌာနက
သိမ်းထားခဲ့တယ်။ သတ္တုတွင်းက သိမ်းထားတယ်။ ၀င်းကုမ္ပဏီ၊ ဒဂုံကုမ္ပဏီ၊ ယုဇနကုမ္ပဏီတွေက
သိမ်းထားတာရှိတယ်။ တစ်မြေတည်း၊ ခြံစည်းရိုးတစ်ဆက်တည်းမှာပဲ နစ်နာကြေးတွေကို ပေးလို့
ရကုန်ကြပြီ"ဟု တစ်ဦးတည်း လယ်ယာမြေ ၃၃ ဧက သိမး်ဆည်းခံရသူ သိရီမင်္ဂလာရွာသစ်နေ
ဦးဇော်လင်းအောင် ကပြောသည်။

လယ်သိမ်းခံ တောင်သူများအနက်မှ ဦးမြင့်လှိုင်နှင့် ဆက်စပ်ပြီး သိမ်းဆည်းခြင်း ခံထားရသူ
တောင်သူ ၁၅ ဦးခန့်က ဦးမြင့်လှိုင် မဲဆွယ်ရာပွဲများသို့ သုံးကြိမ်တိုင် လိုက်လံ တင်ပြန်ရန်
ကြိုးစားလျက်ရှိသော်လည်း တင်ပြခွင့် မရကြကြောင်း၊ ခိုင်မာသည့် အချက်အလက်များနှင့်တကွ
တင်ပြသည့်တိုင် မဲဆွယ်ပွဲကို ရုတ်တရက် ရပ်တန့်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲကာလက နေပြည်တော်ကောင်စီ
နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒ နယ်တွင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး နောက်
၂၀၁၁ ခုနှစ်အတွင်း လယ်ယာမြေများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ မြေပိုင်ရှင်တောင်သူများကို မည်သည့် ညှိနှိုင်းမှုမျှမပြု လုပ်ခဲ့ဘဲ
၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ နှစ်ဆန်းပိုင်း ကာလများတွင် သိမ်းဆည်းထားခံရသည်ဟု ဆိုသည့်
မြေများကို မြေပိုင်ရှင်များအား အသိမပေးဘဲ အုတ်တံတိုင်းခတ်ခဲ့ကြောင်း ဦးခင်မောင်တင့်က
ပြောသည်။

"ကျွန်တော်တို့က မခတ်ဖို့ တောင်းပန်တယ်။ မြေပိုင်ရှင်တောင်သူတွေကို ဘာမှ
ဖြေရှင်းဆောင်ရွက်ပေးတာ မရှိသေးလို့ ဖြေရှင်းဆောင်ရွက်ပြီးမှ ခတ်ပါလို့ ပြောခဲ့တယ်။
ပြန်သွားတယ်။ တတိယအကြိမ်မြောက်လာတော့ လူ ၁၀၀ လောက်ပါလာတယ်။ ဦးမြင့်လှိုင်ရဲ့
အစိုးရဘက်က ၀န်ထမ်းတွေ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ လူအင်အားနဲ့ ရဲတွေရှေ့မှာ
ရိုက်ဖို့နှက်ဖို့ပြောတယ်။ ကျွန်တော်တို့ တောင်သူက လူ ၂၀ လောက်ပဲရှိလောက်မယ်"ဟု
၎င်းက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က မဲဆွယ်စည်းရုံးပွဲတွင် ဦးခင်မောင်တင့် မေးမြန်းခဲ့မှုနှင့် ပတ်သက်၍
ဦးမြင့်လှိုင်က သက်ဆိုင်ရာက ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေများနှင့် ညီညွတ်စွာ
ဖြေရှင်းပေးသွားမည်ဟု မဲဆွယ်ပွဲသို့ ရောက်ရှိလားသူ အားလုံးသိရှိစေရန် ဖြေကြားပါကြောင်း၊
ယခုလို မဲဆွယ်ပွဲတွင် လက်တန်းဖြေကြားပါက အမှားအယွင်းများဖြစ်သွားမည်စိုးသဖြင့်
လက်တန်းမဖြေဘဲ ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဟု ဖြေကြားခြင်းဖြစ်ကြောင်း၊ နစ်နာသည်ဟု
ယူဆပါက သက်ဆိုင်ရာ နယူးဧရာကုမ္ပဏီကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တစ်ဆင့် အမှုဖွင့်ရန်
လိုအပ်ကြောင်း၊ ယခုမေးမြန်းသည့် အချက်အလက်များကို ပြန်လည် သယ်ဆောင်သွားပြီး
မိမိအနေဖြင့် ဥပဒေကြောင်းနှင့် ညီညွတ်စွာ သက်ဆိုင်ရာရဲစခန်းကို အသိပေးပြီး တိကျစွာ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး