နေပြည်တော်အတွက် ရွေးကောက်ပွဲ အထူးရဲများကို အောက်တိုဘာလ ၁၀ ရက်နေ့ စတင် သင်တန်းပေးမည်

နေပြည်တော်အတွက် ရွေးကောက်ပွဲ အထူးရဲများကို အောက်တိုဘာလ ၁၀ ရက်နေ့ စတင် သင်တန်းပေးမည်

နေပြည်တော် ကောင်စီနယ်မြေတွင် ရွေးကောက်ပွဲကာလ မဲရုံလုံခြံုရေးအတွက်
တာဝန်ပေးအပ်မည့် အထူးရဲများကို အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ၂၀ ရက်နေ့အထိ
မြန်မာနိုင်ငံရဲတပ်ဖွဲ့က သင်တန်းပေးသွားမည်ဖြစ်သည်။

နေပြည်တော်ကောင်စီ နယ်မြေတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်
စုစုပေါင်း ၁၀ ခုရှိမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ ဦးနှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး ၀င်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ် ၁၀ခု အတွင်း ရပ်ကွက်၊ ကျေးရွာ မဲရုံးပေါင်း ၅၅၃ ရုံ၊ တပ်နယ် မဲရုံပေါင်း ၆၁ ရုံ
စုစုပေါင်း မဲရုံ ၆၁၄ ရုံ ရှိမည်ဖြစ်သည်။

မဲရုံတစ်ခုချင်းစီတွင် အထူးရဲတစ်ဦးစီ တာဝန် ပေးအပ်သွားမည်ဖြစ်သည်။

"ရွေးကောက်ပွဲ လုံခြံုရေးနဲ့ ပတ်သက်ရင် သာမန်ချိန်၊ အရေးပေါ်အချိန်၊ အရေးကြီးအချိန်ဆိုပြီး
ရှိတယ်။ သာမန်အချိန်မှာကတော့ စခန်းတွေမှာ တာဝန်ပေးခန့်အပ်ထားတဲ့ နယ်မြေရဲ၊
အရေးပေါ်အချိန်မှာ တိုင်းဒေသကြီး၊ ခရိုင်တွေက အသင့်တပ်ခွဲတွေရှိတယ်။ အရေးကြီးအချိန်မှာ
ရဲတပ်ရင်းတွေမှာ အရန်တည်ဆောက်ထားတာရှိတယ်။ အဲဒါမှထပ်ပြီး လိုအပ်လာသေးရင်
တပ်မတော်ကို အကူညီတောင်းရမယ်ဆိုတာ ရှိပြီးသား"ဟု ဒုတိယတိုင်းရဲတပ်ဖွဲ့မှု၊ ရဲမှူးကြီး
ဇော်ခင်အောင်က နေပြည်တော် ရဲတပ်ဖွဲ့မှူရုံး၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ
၂ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြံုရေး ဆောင်ရွက် ထားရှိမှုများကို
ရှင်းလင်းခြင်း အခမ်းအနားတွင် ပြောသည်။

အထူးရဲတပ်ဖွဲ့များ ခန့်ထားရသည့် အဓိက အကြောင်းအရာမှာ လက်ရှိ ရဲတပ်ဖွဲ့တွင် ရှိနေသည့်
ရဲအင်အားလုံလောက်မှု မရှိခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ဒေသခံပြည်သူလူထုနှင့် ရင်းနှီးပြီး ဒေသခံပြည်သူလူထု၏ ယုံကြည်မှု ရရှိစေရန်ဖြစ်သည်။

"ခန့်မှန်းတွက်ချက်မှုအရ ဘွဲ့ရ ၂၀ ရာခိုင် နှုန်းလောက်ပါတယ်။ တကယ်ရှိတဲ့ နေရာမှာ
ပြဿနာတစ်စုံတစ်ရာဖြစ်ပြီဆိုရင် အစောဆုံး ညှိနှိုင်းပေါင်းစပ် ဖြေရှင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ရွေးချယ်ခဲ့တာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်းက အောက်တိုဘာ
၁ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ပြောသည်။

ယခင်က အထူးရဲတစ်ဦးကို သုံးလခန့် အပ်တာဝန်ပေးရန် စီစဉ်ထားသော်လည်း ငွေရေးကြေးရေး
လိုအပ်ချက်အရ တစ်လသာ တာဝန်ပေးအပ်တော့မည်ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က
ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲလုံခြံုရေးအတွက် အခြားအစီအမံများကိုလည်း ဆောင်ရွက်မည်ဟု
၎င်းက ပြောသည်။

"အဖျက်အမှောင့် ပြုလုပ်လာနိုင်သည့် နေရာများကို လုံခြံုရေးဆောင်ရွက်ပါမယ်။ လှည့်ကင်း၊
၀ပ်ကင်း၊ ရပ်ကင်းတွေ ဆောင်ရွက်ပါမယ်။ ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ်၊ ရေဆိပ်တွေမှာ
ရှာဖွေစစ်ဆေးပါမယ်။ သံသယရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေကို
စောင့်ကြည့်ပါမယ်။ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို စောင့်ကြည့် သတင်းရယူပါမယ်။
ယာဉ်တင် လှည့်ကင်းတွေ ဆောင်ရွက်ပါမယ်။ ပိတ်ဆို့ ရှာဖွေတာတွေလုပ်ပါမယ်။
ဧည့်စာရင်း စစ်ပါမယ်။ ဆယ်အိမ်စု သတင်းပေးစနစ်နဲ့ ရွာစဉ်ကျယ်ဆောင်ရွက်ပါမယ်။
ရွေ့လျားအလုပ်သမားတွေ စာရင်းပြုစုစောင့် ကြည့်သွားပါမယ်" ဟု ၎င်းကပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ ၁,၁၆၀,၂၄၂ ဦး နေထိုင်သည့်အနက်
၆၁၇,၈၆၃ ဦးမှာ ဆန္ဒမဲပေးခွင့်ရှိသူများ ဖြစ်ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး