ရွေးကောက်ပွဲတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်ကောင်စီနယ်မြေ)အတွင်း
တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို အောက်တိုဘာ
၅ ရက်နေ့က စတင်၍ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ
သင်တန်းကို သုံးရက်ကြာ ပို့ချပေးနေသည်။
သင်တန်းကို ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်သင်ကြားပေးခြင်း
ဖြစ်ပြီး သင်တန်းသား ဦးရေ စုစုပေါင်း ၄၈ ဦးအား ပို့ချပေးသွားမည်ဖြစ်သည်။
"ကျွန်တော်တို့က ဒီမဲပေးခြင်းလုပ်ငန်းမှာ ကော်မရှင်က ဦးစီးရတယ်ဆိုပေမယ့် တကယ့်တကယ်
နောက်ဆုံးအကောင်အထည်ဖော်ရတဲ့ နေရာ၊ ဒီရလဒ်တွေကို ရေတွက်ရတဲ့ နေရာမှာ မဲရုံမှူး၊
ဒီမဲရုံမှူးနဲ့ မဲရုံ အဖွဲ့ဝင်တွေက အရေးကြီးပါတယ်၊ အဲဒီမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့
လွတ်မသွားရအောင်၊ နောက်ပြီး သတ်မှတ် လူဦးရေနဲ့ အချိန်မီပြီးစီးနိုင်အောင်အတွက်
ဒီလိုသင်တန်းတွေကို ပို့ချနေပါတယ်၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကနေ ပို့ချရတာပေါ့" ဟု
ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အဖွဲ့ဝင် ဦးမိုးဇော် ကဆိုသည်။
သင်ကြားပို့ချပေးမည့် အကြောင်းအရာများမှာ မဲရုံဖွင့်သည့် အချိန်ကစပြီး ပိတ်သိမ်းချိန်နှင့်
စာရင်းဇယားများ ဖြည့်သွင်းချိန်များအထိ အစီအစဉ်တကျ ပြုလုပ်နိုင်ရန် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး
တို့တွင် မည်သည့်တာဝန်ရှိသည်၊ စစ်ဆေးသူတွင်လည်း မည်သည့် တာဝန်ရှိသည်နှင့်
စာရင်းစစ်ခြင်းများ ဖြစ်သည်။
သင်တန်းသားများတွင် လက်ထောက်ပညာရေးမှူး၊ ကျောင်းဆရာ၊ ဆရာမများနှင့်
ကော်မရှင်အဖွဲ့ဝင် ၀န်ထမ်းများ ပါ၀င်ပြီး သက်ဆိုင်ရာမြို့နယ်များ၌ ပြန်လည် ပို့ချပေးရမည်
ဖြစ်သည်။
















