စပါးအထူးပြု ဘွဲ့ကြို စိုက်ပျိုးရေးတက္ကသိုလ်၌ သင်တန်း စတင်ဖွင့်လှစ်

စပါးအထူးပြု ဘွဲ့ကြို စိုက်ပျိုးရေးတက္ကသိုလ်၌ သင်တန်း စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ တစ်ခုတည်းသောစိုက်ပျိုးရေး တက္ကသိုလ်ဖြစ်သည့် စိုက်ပျိုးရေးတက္ကသိုလ်
(ရေဆင်း)၌ လာမည့် ပညာသင်နှစ်မှ စတင်ပြီး စပါးအထူးပြုဘာသာရပ်ကို ဘွဲ့ကြိုသင်တန်း
ပို့ချသွားမည်ဟု ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်က ပြောသည်။

မြန်မာနိုင်ငံရှိ စုစုပေါင်းစိုက်ပျိုးဧက၏ ရ၀ ရာခိုင်နှုန်းခန့်တွင် စပါးသီးနှံစိုက်ပျိုးလျက်ရှိသော်လည်း
စပါးနှင့် ပတ်သက်သည့် သင်ရိုးညွှန်းတမ်းမှာ အားနည်းနေသောကြောင့်
စပါး အထူးပြုဘာသာရပ်ကို တိုးချဲ့သင်ကြားရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆန်စပါးသီးနှံသည် နိုင်ငံတော်၏အဓိက အမျိုးသားသီးနှံဖြစ်သည့်အပြင် ပြည်ပပို့ကုန်
ကဏ္ဍတွင်လည်း ဦးစားပေးပို့ကုန်အဖြစ်သတ် မှတ်ထားကာ နှစ်စဉ်မိုးစပါး၊ နွေစပါး၊
တောင်ယာစပါးစသည်ဖြင့် ဧကသန်း ၂၀ ခန့် စိုက်ပျိုး လျက်ရှိသည်။

သို့သော်လည်း စပါးသီးနှံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်
ပြုစုပျိုးထောင်ရာတွင်မူ သင်ရိုးပိုင်း အားနည်းမှုများရှိနေကြောင်း တွေ့လာရသည့်အတွက်
လာမည့်နှစ်မှ စတင်၍ဘွဲ့ကြိုသင်တန်းတွင် အဓိကဘာသာရပ်တစ်ခုအနေဖြင့် တိုးချဲ့သင်ကြားရန်
စီစဉ်လာခြင်းဖြစ်သည်။

အဆိုပါ သင်ရိုးညွှန်းတမ်းသစ်အတွက် ဖိလစ်ပိုင်နိုင်ငံတွင်အခြေစိုက်သော အပြည်ပြည်ဆိုင်ရာ
ဆန်စပါးသုတေသနအဖွဲ့ International Rice Research Institute (IRRI) မှ စပါးအထူးပြု
ပညာရှင်များ လာရောက်၍ အကြံဉာဏ်များပေးကြမည်ဖြစ်သည်။

စိုက်ပျိုးရေးတက္ကသိုလ်၌ ဆန်စပါးဆိုင်ရာ ဘွဲ့လွန်သင်တန်းကို ယခုနှစ်မှစတင်သင်ကြား
ပေးနေပြီဖြစ်ကာ ပညာသင်ဆုများကိုလည်း IRRI နှင့်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး
သုတေသနဌာနတို့ ပူးပေါင်းပေးနေသည်။

"ဒီနှစ် ထူးခြားတာက ဘွဲ့လွန်သင်တန်းမှာပဲ စပါးနဲ့ပတ်သက်တဲ့ စပါးအထူးပြုဘွဲ့လွန်
ပညာသင်တန်း စဖွင့်တယ်။ ငါးယောက်ကနေ ၁၀ ယောက်လောက် ရှိနိုင်တယ်။
လောလောဆယ်တော့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည် မြောင်းဝန်ကြီးဌာန ၀န်ထမ်းတွေကို
သူတို့ရဲ့ ပညာအရည်အချင်းမြင့်မားအောင် ဒီနှစ်က စမယ်။ အပြင်လူကိုတော့လက်ခံလို့
မရသေးဘူး"ဟု ဒေါက်တာမျိုးကြွယ်က ပြောသည်။

ဘွဲ့လွန်သင်တန်းတက်ရောက်သူများထဲတွင် မိခင် လယ်/ဆည်ဝန်ကြီးဌာနမှ ၀န်ထမ်းများ၊
စက်မှုဝန်ကြီးဌာနက ၀န်ထမ်းများအပြင် ကာကွယ်ရေးဝန်ကြီးဌာနတွင်
တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေးဘွဲ့ရများပါ လာရောက်သင်ယူနေကြောင်း
၎င်းကပြောသည်။

စိုက်ပျိုးရေးတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများကိုယခင်က လေးနှစ်သာ သတ်မှတ်ခဲ့သော်လည်း
ယခု ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်ခါ ငါးနှစ်သို့ တိုးမြှင့်ခဲ့သည်။

လက်ရှိ လေးနှစ်သင်တန်းဖြင့် နောက်ဆုံးနှစ် ဖြေဆိုပြီးသော ကျောင်းသားများကို
ပြန်လည်ခေါ်ယူပြီး လယ်ယာလုပ်ငန်းခွင် လက်တွေ့အသုံးချ ပညာရပ်များဖြစ်သော
ထွန်စက်မောင်းသင်တန်း၊ တိုးချဲ့ပညာပေးသင်တန်းများ ပို့ချမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး