အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အင်န်ဒီအက်ဖ်)သည် လူထုအင်အားတောင့်တင်းသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်ဟောင်းများပါ၀င်သည့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် အဓိက ယှဉ်ပြိုင်ရမည့် ပြည်ထောင်စုနယ်မြေ
(နေပြည်တော်)တွင် မဲဆွယ်စည်းရုံးမှုများ စတင်နေပြီဖြစ်သည်။
ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရိနှင့် ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်
ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ အမျိုးသားလွှတ်တော်
အမှတ်(၁၀) မဲဆန္ဒနယ်မြေတွင် ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
တစ်ဦးတို့သည် အခြား အင်အားကြီးနှစ်ပါတီကဲ့သို့ပင် အလှပြမော်တော်ယာဉ်ဖြင့် ယခုလ
၈ ရက်နေ့မှ စတင်၍ မဲဆွယ်စည်းရုံးနေခြင်းဖြစ်သည်။
"မြို့နယ် လေးမြို့နယ်မှာ အလှပြယာဉ်နဲ့ စည်းရုံးရေးဆင်းမှာပါ၊ ကားနဲ့ စည်းရုံးရေးဆင်းတဲ့
အခါမှာတော့ သက်ဆိုင်ရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ကျွန်တော်
ဆင်းမှာပါ၊ ကျန်တဲ့ သက်ဆိုင်ရာမြို့နယ်က ကိုယ်စားလှယ်လောင်းတွေကတော့ အားရင်
လိုက်ကြမှာပေါ့"ဟု အမျိုးသားလွှတ်တော်အမှတ်(၁၀)မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း
ဦးဇော်နိုင်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
လယ်ဝေးမြို့နယ်တွင် ၀င်ရောက်ယှဉ် ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒေါ်စုရည်ဖြိုးအောင်(ခေါ်) မီးမီး နှင့် ဦးဇော်နိုင်ဦးတို့က ရန်ကုန်"မန္တလေးလမ်းဟောင်းဘေးရှိ
ကျေးရွာများသို့ ဦးစားပေး သွားရောက်စည်းရုံးမည်ဖြစ်ပြီး မြို့အတွင်း သို့နောက်ဆုံးမှသာ
၀င်ရောက်မဲဆွယ်ကြမည်ဖြစ်သည်။
အင်န်ဒီအက်ဖ်ပါတီသည် နေပြည်တော်တွင် မဲဆွယ်မှု နောက်အကျဆုံးပါတီ ဖြစ်သည်။
ထိုသို့ မဲဆွယ်စည်းရုံးမှု နောက်ကျရခြင်းမှာလည်း လက်ကမ်းစာစောင်နှင့် ဗီနိုင်းများ
ရိုက်နှိပ်ရခြင်းနှင့် သွားလာရေးအတွက် ကားငှားနေရခြင်းများကြောင့်ဖြစ်သည်ဟု
၎င်းက ပြောသည်။
"စည်းရုံးရေးဆင်းဖို့ ဘာလို့နောက်ကျတာလည်းဆိုရင် လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေနဲ့
ကားငှားတာတွေက အလကားမရဘူးလေ၊ အဲဒါတွေကို စီစဉ်နေရတာကြောင့်ပါ၊ မဲဆွယ်တဲ့
အခါလည်း ကားလေးတစ်စီးနဲ့ ဆိုင်ကယ်လေးတွေနဲ့ပဲ သွားဖြစ်မှာပါ"ဟု ပါတီ၏ နေပြည်တော်
တာဝန်ခံဖြစ်သူနှင့် ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်
က ပြောသည်။
ပါတီက မဲဆွယ်စည်းရုံးရေးကို အချိန်တစ်လသာ လုပ်ဆောင်သွားမည်ဖြစ်သော်လည်း
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူဦးရေများသည့် ပျဉ်းမနား၊ လယ်ဝေးနှင့်
ဇမ္ဗူသီရိမြို့နယ်များတွင် စည်းရုံး ဟောပြောမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။
"စည်းရုံးတဲ့အခါမှာ မဲဆန္ဒရှင်တွေကို တို့ပါတီရဲ့ မူဝါဒကို ပြောမယ်၊ နောက်ပြီး တို့ပါတီက
လွှတ်တော်ထဲမှာ ဆောင်ရွက်ချက်တွေကလည်း သိပ်မညံ့ပါဘူး၊ အင်န်ဒီအက်ဖ်က ဘာတွေ
လုပ်ခဲ့လဲဆိုတာတွေကို အသိပေးရုံပါ၊ ကြွားစရာလည်းမရှိပါဘူး၊ တို့ရဲ့ မူဝါဒနဲ့ပဲ
သဘောပေါက်အောင် ပြောပြီး မဲရအောင်ယူမယ်"ဟု ဦးအောင်ဇင်က ပြောသည်။
"ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်ပါတယ်၊
သူတို့က ဘယ်လိုပုံစံမျိုး လုပ်ဆောင်မှာလဲ၊ လက်ရှိ အာဏာရပါတီတွေပါလို့ အာဏာနဲ့ပဲ
လွှမ်းမိုးမှာလား၊ ဒါမှ မဟုတ်ရင် အခွင့်အရေးတွေနဲ့ပဲ လွှမ်းမိုးမှာလား၊ လာဘ်ပေးပြီးသွားမှာလား
ဆိုတာတွေကတော့ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်ဘက်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ
မူတည်ပါတယ်၊ ကျန်တာကတော့ ဘာမှ သိပ်ပြောစရာမရှိပါဘူး"ဟု ၎င်းက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုရည်ဖြိုးအောင်(ခ) မီးမီး ကလည်း ယခုပြိုင်မည့်
မဲဆန္ဒနယ်တွင် ၎င်းက ဒေသခံတစ်ဦးဖြစ်သည့်အတွက် မဲဆန္ဒရှင်များက သဘောကျကြသည်ဟု
ဆိုသည်။
"တောသူတစ်ယောက်ဖြစ်တယ်ဆိုတော့၊ တောရွာတွေအနေနဲ့တော့ အရမ်းသဘောကျကြတယ်၊
လက်ခံကြတယ်၊ အခြားပါတီတွေနဲ့ ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှုတွေတော့ မရှိပါဘူး"ဟု
၎င်းကပြောသည်။
တောင်သူလယ်သမား သားသမီးဖြစ်သည့်အတွက် တောင်သူလယ်သမားများ၏ အကျိုးကို
သယ်ပိုးစိတ်ဖြင့် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
"ဦးတည်ချက်က ဒါပဲရှိတယ်၊ ဘယ်ပါတီကိုမှ အနိုင်ရ ရမယ်ဆိုတဲ့ စိတ်မရှိဘူး၊ နိုင်ရင်နိုင်၊ မနိုင်ရင်
နောက်ဆုံးရပိုင်ခွင့်က ဘာလဲဆိုတော့ နောက်ဆုံး ငါးယောက်မှာ တစ်ယောက်ကတော့
နိုင်မှာပဲလေ၊ အဲဒီတော့ သူတို့တွေမှာ ပြည်သူတွေအတွက် တောင်းဆိုခွင့်ရတဲ့ အခွင့်အရေးကို
တောင်းဆိုပိုင်ခွင့်ရှိတယ်ပေါ့၊ အဓိကက အဲဒီ ရည်ရွယ်ချက်နဲ့ ပြိုင်တာ"ဟု ဒေါ်စုရည်ဖြိုးအောင်(ခ)
မီးမီး က ပြောသည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အင်န်ဒီအက်ဖ်)က တစ်နိုင်ငံလုံးတွင်
လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄၇ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ လွှတ်တော်တွင်
ကိုယ်စားလှယ်နေရာ ၅၀ ရရှိရန် မျှော်မှန်းထားသည်သည်။
၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် အင်န်ဒီအက်ဖ်ပါတီမှ ကိုယ်စားလှယ် ၁၆ ဦး အရွေးခံခဲ့ရပြီး
ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အနိုင်ရရှိခြင်း မရှိခဲ့ပေ။

















