နေပြည်တော် ၀န်ထမ်းအိမ်ရာများတွင် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှု မပြုလုပ်ရန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တားဆီးထားမှုကို ပြန်လည်ညှိနှိုင်းပေးရန် ကော်မရှင်သို့
တင်ပြထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောသည်။
နိုင်ငံရေးပါတီများက တစ်အိမ်တက်ဆင်းမဲဆွယ်ပါက စုပေါင်းနေထိုင်သူဝန်ထမ်းများ
စိတ်ဝမ်းကွဲစေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင်းမှ
၀န်ထမ်းအိမ်ရာများသို့ တစ်အိမ်တက်ဆင်း မဲဆွယ်ခြင်းမပြုရန် ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲ
ကော်မရှင်က နေပြည်တော်ရှိ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများထံ
အောက်တိုဘာ ၁၅ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။
အဆိုပါ အကြောငး်ကြားစာသည် လက်ခံနိုင်ဖွယ် မရှိသဖြင့် ပြန်လည် ညှိနှိုင်းပေးပါရန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်စာ တင်ထားခြင်းဖြစ်ကာ ကော်မရှင်ကလည်း
အမြန်ဆုံး ညှိနှိုင်းပေးမည်ဟု အကြောင်းပြန်လာသည်ဟု ဦးဖြိုးဇေယျာသော်က ပြောသည်။
တစ်အိမ်တက်ဆင်း မဲဆွယ်ခွင့် မပြုဟုသာ တားမြစ်ထားခြင်းဖြစ်ပြီး ယာဉ်တန်းဖြင့် လှည့်လည်
မဲဆွယ်ခြင်းကိုမူ တားမြစ်ထားမှုမရှိဟု ၎င်းက ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် ကိုယ်စားလှယ်လောင်း ငါးဦး ပါ၀င်ယှဉ်ပြိုင်မည့်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသို့မူ ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က
အကြောင်းကြားခြင်း မရှိသေးကြောင်းနှင့် အကြောင်းကြားလာပါကလည်း လွှတ်တော်
ကိုယ်စာလှယ်ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်တုံ့ပြန်
ဖြေရှင်းသွားမည်ဟု ပါတီ၏ နေပြည်တော် ကိုယ်စားလှယ်များအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်
ဥတ္တရသီရိမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဇင် ကပြောသည်။
ထိုသို့ ၀န်ထမ်းအိမ်ရာများတွင် တစ်အိမ်တက်ဆင်း မဲဆွယ်ခွင့်မရပါက ပါတီအတွက် အခက်အခဲ
ရှိလာမည်ဟု အမျိုးသားမိုကရေစီ အင်အားစုပါတီ၏ ဇမ္ဗူသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်မိုးက ပြောသည်။
"လက်ရှိချိန်ထိတော့ ၀န်ထမ်းအိမ်ရာတွေကို မဲမဆွယ်ရသေးပါဘူး။ တကယ်လို့
၀န်ထမ်းအိမ်ရာတွေမှာ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့် မရဘူးဆိုရင် ကျွန်တော်တို့
ပါတီ မူဝါဒတွေကို ချပြဖို့ အခက်အခဲရှိလာပါလိမ့်မယ်။ ကားနဲ့တော့ ၀င်ပြီးစည်းရုံးသွားပါမယ်။
အခုထိတော့ အကြောင်းမကြားသေးပါဘူး။ တကယ်လို့ အကြောင်းကြားစာပို့ခဲ့မယ်ဆိုရင်
နေပြည်တော်မှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအားလုံး ဒီလိုအကြောင်းကြား
လာတဲ့အပေါ် ဘယ်လို တုံ့ပြန်မလဲဆိုတာ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက မူလကတည်းက ၀န်ထမ်းအိမ်ရာများကို
မဲဆွယ်စည်းရုံးရန် အစီအစဉ် မရှိခဲ့သဖြင့် အဆိုပါ အကြောင်းကြားစာကြောင့် မည်သည့်
ထိခိုက်မှုမှ မရှိနိုင်ဟု ပါတီ၏ ဗဟိုရုံးခွဲတာဝန်ခံ နေပြည်တော်ကောင်စီနယ်မြေ၏
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက ပြောသည်။
နေပြည်တော်တွင်းရှိ ၀န်ထမ်းအိမ်ရာအများစုမှာ ဇမ္ဗူသီရိမြို့နယ်အတွင်း၌သာ ရှိနေပြီး
ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်များအတွင်လည်း အနည်းငယ်ရှိကြောင်း၊
၀န်ထမ်းများသည်လည်း ပြည်သူပင်ဖြစ်သဖြင့် အထွေထွေရွေးကောက်ပွဲတွင် ကိုယ့်မြို့နယ်အတွင်း
မည်သည့်ပါတီက၊ မည်သူ ၀င်ပြိုင်မည်၊ အဆိုပါပါတီ၏ မူဝါဒအစရှိသည်တို့ကို သိရှိကာ
ရွေးချယ်မဲပေးခွင့် ရှိရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစညး်လုံးညီညွတ်ရေးပါတီသည်
ပါတီမူဝါဒများ၊ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းပါ၀င်သော
လက်ကမ်းကြော်ငြာများကို ဖြန့်ဝေရန်သာ အစီအစဉ်ရှိကြောင်း၎င်းက ပြောကြားခဲ့သည်။
၀န်ထမ်းများ စိတ်ဝမ်းကွဲစေနိုင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်ထောင်စု နယ်မြေ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက "၀န်ထမ်းအိမ်ရာများတွင် ပါတီနိုင်ငံရေး မဲဆွယ်စည်းရုံးခြင်းနှင့်
ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရန်ကိစ္စ" ခေါင်းစဉ်ဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် ၀န်ထမ်းများနေထိုင်သည့် ရပ်ကွက် ကိုးခုရှိပြီး
ပါတီ လေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လေးယောက်တို့က
ပါ၀င်ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။
၎င်းကိုယ်စားလှယ်လောင်း လေးဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမြတ်ဟိန်း၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥိးဖြိုးဇေယျာသော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ
ဦးကျော်အေးနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ခိုင်မိုးတို့ဖြစ်သည်။
၎င်းတို့လေးဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော် သည်
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ်
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗူ သီရိမြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူတစ်ဦးဖြစ်သည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလက ထိုကဲ့သို့ ၀န်ထမ်းအိမ်ရာများသို့
တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှုကို ကော်မရှင်က ကန့်ကွက်ခြင်း မရှိခဲ့ပေ။
















