အမျိုးသား ဒီမိုကရေစီအင်အားစုပါတီကိုယ်စားပြုကာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ရှိ
ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးအောင်ဇင် က ထိုမြို့နယ်အတွက် ပါတီက ရွေးကောက်ပွဲအောင်နိုင်ရေး
ကိုယ်စားလှယ် မခန့်ထားနိုင်သည့်အတွက် မဲဆွယ်စည်းရုံးဟောပြော ပွဲပြုလုပ်ရန် အစီအစဉ်
မရှိကြောင်း ပြောသည်။
"ဒီမြို့နယ်က ကျွန်တော့်အတွက် အသစ်ဖြစ်တယ်၊ နောက်ပြီး ဒီနယ်မြေနဲ့လည်း စိမ်းနေတယ်၊
အဲဒါကြောင့် ဥတ္တရသီရိအောင်နိုင်ရေးက မဖွဲ့နိုင်တော့ စည်းရုံးဟောပြောပွဲ မလုပ်ဘူး"ဟု
၎င်းက ပြောသည်။
ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်များကို ပျဉ်းမနား၊ လယ်ဝေးနှင့် ဇမ္ဗူသီရိမြို့နယ်
မဲဆန္ဒနယ်များတွင်သာ ခန့်ထားပြီး ဥတ္တရသီရိမြို့နယ် တစ်မြို့နယ်အတွက်သာ သက်ဆိုင်ရာမြို့နယ်
ကိုယ်စားလှယ်လောင်းဖြစ်သည့် ဦးအောင်ဇင်က မခန့်ထားခြင်းဖြစ်သည်။
ပါတီ၏ နေပြည်တော် တာဝန်ခံလည်း ဖြစ်သူ ဦးအောင်ဇင်သည် ယခုလ ၁၅ ရက်နေ့က စတင်၍
လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းဖြင့် မဲဆွယ်လျက်ရှိသည်။
"ကျွန်တော့်ကတော့ အခု လက်ကမ်းစာစောင်တွေ ဝေတာပါပဲ၊ စည်းရုံးတာမဟုတ်ပါဘူး၊
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ အခြားပါတီတွေလို အင်အားမရှိတော့ ဒီလိုပဲ
ကိုယ်တိုင် လိုက်လုပ်ရတာပါ"ဟု ဦးအောင်ဇင်က ပြောသည်။
ဦးအောင်ဇင်သည် လက်ရှိတွင် ပုဇွန်တောင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲများ၌
အချိုးကျကိုယ်စားပြု စနစ်(ပီအာ)ကို ကျင့်သုံးရန် စတင်အဆိုတင်သွင်းခဲ့သူ ဖြစ်သည်။
"ပီအာက တစ်နိုင်ငံလုံးနဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ စဉ်းစားခဲ့တဲ့ စနစ်ပေါ့၊ လူနည်းစုတွေကို
ကိုယ်စားပြုတဲ့ စနစ်ကိုသွားမှာဖြစ်တဲ့အတွက် အဲဒါ မပါရင်တော့ သွားလို့မဖြစ်ဘူး၊
ဒါကရွေးကောက်ပွဲစနစ်တစ်ခုအတွက် အရေးကြီးလို့ အဆိုတင်ခဲ့တာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။
















