ဇမ္ဗူသီရိ အထူးကုဆေးရုံ ဓာတ်ခွဲခန်းကို ပညာရေးအတွက် အခမဲ့အသုံးပြုခွင့်ပေးထား

ဇမ္ဗူသီရိ အထူးကုဆေးရုံ ဓာတ်ခွဲခန်းကို ပညာရေးအတွက် အခမဲ့အသုံးပြုခွင့်ပေးထား

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးရှိ
အဆင့်မြင့်ဓာတ်ခွဲခန်းကို ပါရဂူနှင့် မဟာဘွဲ့သင်တန်းသားများ၊ ဆေးဘက်ပညာရှင်များ
(medical technologist)၊ ဆေးပညာစာတမ်းပြုစုသူ ဆရာဝန်များကို အခမဲ့ပညာဒါနအဖြစ်
အသုံးပြုခွင့်ပေးထားသည်။

ဆေးပညာ အသိုင်းအဝိုင်းကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ထောက်ပံ့ပေးနိုင်ရေးအတွက် ယခုကဲ့သို့
ပညာဒါနပေးရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအထူးကုဆေးရုံ၊ ဓာတ်ခွဲခန်းဌာန ရောဂါဗေဒအထူးကု
ဆရာဝန်ကြီး ဒေါက်တာဇော်ဝမ်းက ပြောသည်။

"ဒီနှစ်ကနေစပြီး ဆေးပညာသင်တန်းသားတွေအတွက် ပညာဒါနပေးတာပါ။ မည်သူမဆို
လာရောက်စမ်းသပ် အသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုး လုပ်ပေးလိုက်တယ်ဆိုတာ နိုင်ငံတကာ
ဓာတ်ခွဲခန်းလို ကိုယ့်ဆီမှာ ဒါမျိုးလုပ်လို့ ရပြီဆိုတာလဲ ဆရာဝန်အသိုင်းအဝိုင်းမှာ သိသွားမယ်။
တစ်ဘက်ကနေလည်း ဆေးပညာအသိုင်းအဝိုင်းအတွက် ပညာဒါနဖြစ်အောင်၊
နိုင်ငံတကာအဆင့်ထိ ဆေးပညာရဲ့မည်သည့်ဘာသာရပ်ကိုမဆို အသုံးပြုနိုင်အောင်
တတ်နိုင်သလောက်လေးကူပေးတဲ့ သဘောပါ"ဟု ၎င်းက ပြောသည်။

ပါရဂူနှင့် မဟာဘွဲ့ကျောင်းသားများက ဆေးပညာစာတမ်းပြုစုခြင်းများတွင် ကုန်ကျမည့်
ဓာတ်ခွဲခန်း ကုန်ကျစရိတ်များ သက်သာခြင်းနှင့် အချိန်ကုန်သက်သာခြင်းများအတွက်
အထောက်အပံ့ကောင်းများ ရရှိမည်ဖြစ်သည်။

ယခင်က စာတမ်းပြုစုသူများသည် အဆင့်မြင့်ဓာတ်ခွဲခန်း အသုံးပြုရန် လိုအပ်ချက်ကို
ပြည်ပဓာတ်ခွဲခန်းများဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့ရသည်။

ထိုသို့အသုံးပြုခွင့်ကို ယခုနှစ်မှ စတင် စီစဉ်ပေးနေခြင်းဖြစ်ကာ အချိန်နှင့်ကျောင်းသားအရေအတွက်၊
ပညာရှင် အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း ဒေါက်တာဇော်ဝမ်းက ပြောသည်။

လျှောက်ထားလိုသူများသည် အထူးကု ဆေးရုံ၏ ဓာတ်ခွဲဌာန ဖုန်း - ၀၆၇၅၅၀၁၄၉၊
၀၉၄၄၄၀၁၂၄၅၂ နှင့် ၀၉၉၇၆၈၉၁၁၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

ဇမ္ဗူသီရိအထူးကုဆေးရုံ အဆင့်မြင့်ဓာတ်ခွဲခန်း၌ Rotor - Gene Q RT PCR, Automatic
extraction(QIATUBE) စက်ဖြင့် Hepatitis B ၊ C နှင့် အိပ်ချ်အိုင်ဗီ ရောဂါပိုးကောင်
အရေအတွက် အတိအကျကို စမ်းသပ်အဖြေရှာနိုင်သလို ကျန်ရှိသည့်ရောဂါများကိုလည်း
စမ်းသပ်ကုသနိုင်သည့် စက်အမျိုးအစားများစွာလည်း တပ်ဆင်ထားသည်။

အဆိုပါရောဂါများအတွက် ပရဟိတကုသပေးနေသည့် ဆေးကုမ္ပဏီများနှင့် အင်န်ဂျီအိုများကိုလည်း
အခမဲ့ စမ်းသပ်ခွင့်ပြုထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး