အမျိုးသားနိုင်ငံရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဦးမျိုးညွန့် ပြောကြား

အမျိုးသားနိုင်ငံရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဦးမျိုးညွန့် ပြောကြား

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် နေပြည်တော်ကောင်စီနယ်မြေတွင်း
၀င်ရောက်အရွေးချယ်ခံမည့် ဦးမျိုးညွန့်က ၎င်းအနေဖြင့် ပါတီနိုင်ငံရေးကို မလုပ်ဘဲ
အမျိုးသားနိုင်ငံရေးကိုသာ လုပ်ကိုင်လိုသဖြင့် မည်သည့်ပါတီမှ ကိုယ်စားပြု ယှဉ်ပြိုင်ခြင်း
မဟုတ်သကဲ့သို့ မည်သည့်ပါတီကို မဲပေးပါဟုလည်း မဲဆွယ်စည်းရုံးရန် မလိုဟု ပြောသည်။

"ကျွေးစရာရှိရင် ကိုယ့်ရွာသားကို ကျွေးရမယ်။ ချစ်စရာရှိရင် ကိုယ့်ရွာသားကို ချစ်ရမယ်။
ကိုယ်စားလှယ်ရွေးစရာရှိရင်တော့ ကိုယ့်ရပ်ရွာကို တကယ်လုပ်ပေးနိုင်မယ့်သူကို ရွေးရပါမယ်။
ရွာတွေမှာ အလံတွေ၊ ပါတီ တံဆိပ်တွေ ရှိပါတယ်။ တကယ်လို့ ရွာမှာ မီးလောင်တယ်ဆိုပါစို့။
အဲဒီအလံတွေ၊ ပါတီ တံဆိပ်တွေဆီ သွားမလား။ မီးလောင်တဲ့ဆီ သွားမလား။
ရွေးကောက်ပွဲဆိုတာ ဒါပါပဲ။ အားလုံး သဘောပေါက်မယ် ထင်ပါတယ်။ ကျွန်တော်က
ဘယ်ပါတီကမှလည်း မပြိုင်ဘူး။ ဘယ်ပါတီကို မဲထည့်ပါဆိုပြီးတော့လည်း မဲမဆွယ်ဘူး။
ကျွန်တော့အပေါ် မေတ္တာရှိတဲ့ လူတွေအားလုံးအပေါ် ကျွန်တော်ကလည်း စေတနာရှိပါတယ်"ဟု
နေပြည်တော် ကောင်စီဝင်လည်းဖြစ်သူ ဦးမျိုးညွန့် ဒက္ခိဏသီရိမြို့နယ်၊ ရွေခဲအင်းကျေးရွာတွင်
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်သည့် သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော
အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်များကို ရှင်းလင်းသည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

"နိုင်ငံတော်သမ္မတကြီး တည်ဆောက်နေတဲ့ အမျိုးသားနိုင်ငံရေးဆိုတဲ့ ကိစ္စကို လာရောက်
ရှင်းလင်းခြင်းဖြစ်ပါတယ်။ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးအစရှိတဲ့ အကျိုးတွေကို ဆောင်ရွက်ပေးတဲ့
နိုင်ငံရေးဟာဆိုရင် အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ အခု ကျွန်တော် ဦးမျိုးညွန့် နေပြည်တော်
ကောင်စီဝင်ဟာ ဒီက ကျေးရွာသူ ကျေးရွာသားအားလုံးကို ဒက္ခိဏသီရိမြို့နယ်မှာ ရှိသူတွေကို
နောင်ငါးနှစ်မှာ အမျိုးသားနိုင်ငံရေးအနေနဲ့ တည်ဆောက်ပေးမယ်ဆိုရင် အားလုံးကျေနပ်ကြတယ်
မဟုတ်ပါလား။ ကျွန်တော်က အမျိုးသားနိုင်ငံရေးကို ပြောချင်တာပါ။ မဲဆွယ်ဖို့လည်း မပြောပါဘူး။
မဲထည့်ဖို့လည်း မပြောပါဘူး။ ဘယ်ပါတီအကြောင်းမှလည်း မပြောပါဘူး။
ကျွန်တော်ပြောချင်တာက နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်အနေနဲ့ ငါးနှစ်မှာ လုပ်ပြီးပါပြီ။
ဆက်လက်လုပ်ဖို့အတွက် ကျွန်တော်ဟာ ပြည်သူလူထုကို လာပြီး တင်ပြတာဖြစ်ပါကြောင်း
ပြောကြားလိုပါတယ်။ ကြွရောက်လာတဲ့ မိဘပြည်သူတွေအနေနဲ့ နိုင်ငံတော်သမ္မတကြီး
တည်ဆောက်နေတဲ့ အမျိုးသားနိုင်ငံရေးကို အားလုံးယုံကြည်ကြတယ် မဟုတ်ပါလား"ဟု
၎င်းက ပြောကြားသည်။

ဦးမျိုးညွန့်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ
ဒက္ခိဏသီရိခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်နှင့်
ဒက္ခိဏသီရိမြို့နယ်အစရှိသည့် မြို့နယ်လေးမြို့နယ်၌ ပညာရေးကဏ္ဍအတွက် ကျပ် ၄ ဒသမ
၃ ဘီလျံ၊ ကျန်းမာရေးကဏ္ဍအတွက် ကျပ် ၄ ဒသမ ၅ ဘီလျံ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
အတွက် ကျပ် ၆၇ ဒသမ ရ ဘီလျံနှင့် မီးလင်းရေအတွက်ကျပ် ၆ ဘီလျံ တို့ကို နိုင်ငံတော်
ဘဏ္ဍာငွေမှ ထုတ်ယူသုံးစွဲခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် တောင်သူများအတွက် ၂၀၁၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၃ ဒသမ
၉ ဘီလျံကျော် ရရှိအောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်း၏ မဲဆွယ်လက်ကမ်း
ကြော်ငြာတွင် ဖော်ပြထားသည်။

၎င်းနှင့်အတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက ဦးမှတ်ကြီး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးဇော်နိုင်ဦး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကျော်မြင့်ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက
ဦးမြင့်နှင့် တစ်သီးပုဂ္ဂလ ဦးကျော်ဝင်းတို့လည်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး