နေပြည်တော် တစ်သီးပုဂ္ဂလ အမတ်နှစ်ဦး ယာဉ်တန်းဖြင့် စတင် မဲဆွယ်

နေပြည်တော် တစ်သီးပုဂ္ဂလ အမတ်နှစ်ဦး ယာဉ်တန်းဖြင့် စတင် မဲဆွယ်

အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေတွင်း ၀င်ရောက် ယှဉ်ပြိုင်လျက်
ရှိသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ငါးဦးအနက် ပျဉ်းမနား မဲဆန္ဒနယ်တွင်
၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးက ပထမဆုံးအကြိမ် မဲဆွယ်ပွဲကို
အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

၎င်း ကိုယ်စားလှယ်လောင်းများမှာ ပျဉ်မနားမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကို ကိုယ်စားပြု
အရွေးချယ်ခံမည့် ယခင် နေပြည်တော်ကောင်စီဝင် အငြိမ်းစား ဗိုလ်မှူးကြီး ဦးမြင့်အောင်သန်းနှင့်
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊
လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိမြို့နယ်များဖြင့် စုစည်းထားသည့် ဒက္ခိဏသီရိခရိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်တို့ ဖြစ်သည်။

အဆိုပါ စည်းရုံးရေး ယာဉ်တန်းတွင် အိမ်စီးကားများ၊ လူများလိုက်ပါလာသည့် မြေသယ်ယာဉ်၊
လိုက်ထရပ်မော်တော်ယာဉ် စသည်ဖြင့် မော်တော်ယာဉ်မျိုးစုံ စုစု ပေါင်း ၅၇ စီးခန့်နှင့်
ဆိုင်ကယ်များ ပါ၀င်ပြီး လူထုအင်အား ၂,၀၀၀ ခန့် ရှိသည်ဟု ယာဉ်တန်းကို လမ်းပြအဖြစ်
ခေါ်ဆောင်သူ ပေါစံခေါရွာသား ဦးကျော်လွင်က ပြောသည်။

"ရွာတွေက လူတွေပဲဗျ။ မနက်ပိုင်း နတ်သရဲရွာမှာ မဲဆွယ်ဟောပြောပွဲတစ်ခု လုပ်တယ်။ ပြီးတော့
ကားတွေနဲ့ လူတွေတင်ပြီး ဦးမြင့်အောင်သန်းနဲ့ ဦးမျိုးညွန့်တို့ နာမည်ပါတဲ့ သီချင်းတွေဖွင့်ပြီး
နတ်သရဲရွာကနေ စပြီးထွက်တာ။ ပျဉ်းမနားမြို့ ကန်ဦးရပ်ကွက်ထိ လမ်းတစ်လျှောက်က ရွာတွေ၊
ရပ်ကွက်တွေအချို့မှာ အချိုရည်တွေ၊ ရေသန့်ဘူးတွေ တိုက်ကြ၊ ကမ်းကြတာတွေ ရှိတယ်"ဟု
၎င်းက ပြောသည်။

ယာဉ်တန်းတွင် ပါ၀င်သည့် မြေသယ်ယာဉ်ကြီးများကြောင့် မြို့တွင်းလမ်းကြောင်းတစ်လျှောက်
လူစည်ကားရာ ရပ်ကွက်များတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ အောင်နိုင်ရေး ယာဉ်လှည့်လည်ခြင်းကို မွန်းလွဲ တစ်နာရီအချိန်ခန့်တွင် ရပ်နားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ယခင်နေပြည်တော်ကောင်စီဝင်များအဖြစ် တာဝန်ယူဆောင်ရွက်စဉ်
ကတည်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များအတွင်း နိုင်ငံတော်
ဘဏ္ဍာငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ဖူးသူများဖြစ်ပြီး နိုင်ငံတော်သမ္မတက
ဦးဆောင် ပြုလုပ်နေသော အမျိုးသားနိုင်ငံရေး လုပ်ဆောင်လိုသဖြင့် နိုင်ငံရေးလောကအတွင်းသို့
၀င်ရောက်လာကြခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးကို စိတ်မဝင်စားကြောင်း၊ လွှတ်တော်တွင်း
ရောက်ရှိပါက ဦးသိန်းစိန် နိုင်ငံတော်သမ္မတရာထူးကို ဒုတိယအကြိမ်မြောက်
တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လွှတ်တော်တွင်း အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နေသည့်
ဥပဒေများကိုလည်း အမျိုးသားရေး ရှုထောင့်က ကြည့်ရှုကာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများကို
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာအတွက်
လိုအပ်သဖြင့် အမျိုးသားနိုင်ငံရေးကို ဦးတည်ကာ နိုင်ငံရေးလောကသို့ ၀င်ရောက်လာခြင်း
ဖြစ်ကြောင်း မဲဆွယ်ပွဲများတွင် ပြောကြားခဲ့ကြသည်။

"နေပြည်တော်ကောင်စီဝင်တွေ ဖြစ်လို့ သူတို့ကို သိတယ်။ ကြားဖူးတယ်။ ကျွန်တော်တို့ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ
ဘယ်သူ့ကို မဲပေးရမယ်ဆိုတာကို ခုထိ မဆုံးဖြတ်ရသေးဘူး။ မဲရုံထဲရောက်မှာ စိတ်ထဲရှိတာကို
တုံးထုခဲ့မယ်"ဟု နတ်သရဲ ကျေးရွာနေ ဦးကိုလေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး