ရွေးကောက်ပွဲနိုင်ရန် ၎င်း၏ ဘက်တွင် သုံးပုံတစ်ပုံ ရှိနေဟု ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် ပြော

ရွေးကောက်ပွဲနိုင်ရန် ၎င်း၏ ဘက်တွင် သုံးပုံတစ်ပုံ ရှိနေဟု ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် ပြော

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် က ရွေးကောက်ပွဲတွင်
အနိုင်ရရေးသည် ၎င်းဘက်တွင် သုံးပုံတစ်ပုံခန့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

ယခုလ ၂၀ ရက်နေ့က ၎င်း၏ ဇာတိဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး အသုတ်၊
ရေကြည်နှင့် ငသိုင်းချောင်းမြို့များ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟော ပြောပွဲများ
သွားရောက်ပြုလုပ်ရာတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သွားရောက် ပြုလုပ်ခြင်းဖြစ်ပြီး
ပါတီကသက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲနှင့်အတူ ၎င်းကိုယ်စားပြုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသို့ မဲထည့်ကြရန်လည်း ၎င်းကပြောခဲ့သည်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနိုင်ခဲ့ရင် ချင့်ချင့်ချိန်ချိန် အစိုးရဖွဲ့စည်းသွားမှာ
ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ပါတီကို ထောက်ခံပေးကြပါလို့
ပြောချင်ပါတယ်"ဟု ဦးဝေလွင်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအစိုးရ အုပ်ချုပ်နေသည့် ငါးနှစ်သက်တမ်းအတွင်း အစိုးရက လက်နက်ကိုင်များနှင့်
စကားဝိုင်းဆွေးနွေးခြင်းသည် ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကြောင်း ကာကွယ်ရေး
၀န်ကြီးဟောင်းလည်းဖြစ်သူ ဦးဝေလွင်က ပြောသည်။

"ငြိမ်းချမ်းရေးစာချုပ်ကို ကျွန်တော် ကာကွယ်ရေးဝန်ကြီး လက်ထက်ကတည်းက သုံးနှစ်ကြာ
ကြိုးစားခဲ့ပါတယ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေဟာ အင်မတန်ကောင်းတဲ့
အပြောင်းအလဲ ဖြစ်ပါတယ်"ဟု ၎င်းက ငသိုင်းချောင်းမြို့တွင် ပြောကြားသည်။

ပြည်သူများအနေဖြင့် နိုင်ငံပြောင်းလဲရေးနှင့် ပတ်သက်ပြီး စိတ်ကူးမယဉ်ရန် လိုအပ်ကြောင်း၊
ဆန္ဒနှင့် ဘဝကို သေချာစဉ်းစားရန် လိုအပ်ကြောင်းနှင့် ဒီမိုကရေစီဘက်သို့ ကူးပြောင်းမည်ဆိုပါက
ဘုံသဘောတူဆန္ဒဖြင့် ပြောင်းလဲခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ထင်မြင်ကြောင်း
ဦးဝေလွင်က ပြောသည်။

"ဒီမိုကရေစီစနစ်ဆိုတာ အမြင်အမျိုးမျိုးနဲ့ တည်ဆောက်ရတာဖြစ်တဲ့အတွက် ပညာအရည်အချင်း၊
ဆင်ခြင်တုံ တရားရှိမှ ရမှာပါ၊ အဲဒါ မရှိဘဲနဲ့ ဒီမိုကရေစီတည်ဆောက်မယ်ဆိုရင် ပရမ်းပတာ
ဒီမိုကရေစီပဲ ရမယ်၊ ပြည်သူတွေကထားတဲ့ အစိုးရပဲ ရမှာဖြစ်တဲ့အတွက် ကိုယ်နဲ့တန်တဲ့
အစိုးရ ကိုပဲ ရမှာပါ၊ ဒါကြောင့် ပြည်သူတွေက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ဖို့လိုပါတယ်" ဟု
၎င်းက ပြောကြားသည်။

"ပြည်ခိုင်ဖြိုးပါတီကို သဘောကျတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ အစိုးရကြောင့် ဒီမြို့မှာ
လမ်းတွေကောင်းပြီး လျှပ်စစ်မီးလည်း အကုန်ရကုန်ပြီ"ဟု ရေကြည်မြို့နယ်၊ ကံချောင်းအုပ်စုတွင်
နေထိုင်သူ ကိုစိုးဝင်းညွန့်က ပြောသည်။

ငသိုင်းချောင်းမြို့နယ်၊ ရှေ့ဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကလည်း "နိုင်သွားမယ်
ဆိုရင်တော့ ကောင်းတာပေါ့၊ အစဉ်အလာမဖြစ်ခဲ့တဲ့ ဇီးကုန်းကျေးရွာမှာ လျှပ်စစ်မီး
ချပေးခဲ့တဲ့အတွက် တစ်ခါမှ မတွေးမိတာတွေ ဖြစ်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး