ပြန်လည်ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးဆဲ ဥပဒေကြမ်းများကို အတည်ပြုသွားမည်

ပြန်လည်ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးဆဲ ဥပဒေကြမ်းများကို အတည်ပြုသွားမည်

ယခုလ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပရန်ရှိသည့် (၁၃)ကြိမ်မြောက် လွှတ်တော်
အစည်းအဝေးများတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက်
ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း
အပါအဝင် ဆွေးနွေးဆဲဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေးအတည်ပြုသွားမည်ဖြစ်သည်။

လက်ရှိအစိုးရ၏နောက်ဆုံးဘဏ္ဍာနှစ် ဖြစ်သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ
ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည့်လုပ်ငန်းများ၊ အရေးပေါ်ဆောင်ရွက်ရသော
လုပ်ငန်းများအတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး
ဥပဒေကြမ်းသည် လွှတ်တော်က မဖြစ်မနေဆွေးနွေးအတည်ပြုရမည့် ဥပဒေကြမ်းဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

"လာမည့်လွှတ်တော်က အဓိကကတော့ ဖြည့်စွက်ဘတ်ဂျက်ကိုပဲ အဓိကထားမှာပါ။ နောက်တစ်ခါ
လွှတ်တော်မှာ ဆွေးနွေးမှု မပြီးသေးတဲ့ ဥပဒေကြမ်းတွေလည်းရှိနေတယ်။ အဲဒါတွေကိုပဲ
အဓိကထားပြီး ဆက်လက်ဆွေးနွေး အတည်ပြုမယ်လို့ ထင်ပါတယ်"ဟု ၎င်းက အောက်တိုဘာ
၂၉ ရက်နေ့က ပြောသည်။

ဖြည့်စွက်ခွင့်ပြုငွေသည် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်တစ်ရပ်အတွက်
မူလခွဲဝေချထားငွေ မလုံလောက်ခြင်းကြောင့်လည်းကောင်း၊ အခြားငွေစာရင်းခေါင်းစဉ်တစ်ခုခုမှ
လွှဲပြောင်းသုံးစွဲရန် မဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း၊ မူလခွဲဝေလျာထားချက်တွင် ပါ၀င်မှု
မရှိခြင်းကြောင့် လည်းကောင်း၊ ထိုနှစ်အတွင်း မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်းများအတွက် ဥပဒေဖြင့်
သတ်မှတ်ပေးရသည့်ခွင့်ပြုငွေဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးက တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ
ဦးဖုန်းမြင့်အောင်ကလည်း လာမည့် လွှတ်တော်အစည်းအဝေးများတွင် ရေဘေးပြန်လည်
ထူထောင်ရေးအတွက် မဖြစ်မနေထပ်မံ အသုံးပြုရမည့်ရန်ပုံငွေများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ဆက်လက် အကောင်အထည်ဖော်
ပေးရမည့်လုပ်ငန်းစဉ်များအတွက် သုံးစွဲရမည့် ရန်ပုံငွေများကို ခွင့်ပြုနိုင်ရန်အတွက်
ဆွေးနွေးအတည်ပြု သွားရဖွယ်ရှိကြောင်းပြောကြားသည်။

ထို့ပြင်ကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း ဆက်လက်ဆွေးနွေး အတည်ပြုရမည့်
ဥပဒေကြမ်းများလည်း ရှိနေသေးသည်။

အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူ တစ်ဦးက လက်ရှိတွင် ဥပဒေကြမ်း ၄၅ ခုကို သက်ဆိုင်ရာ
၀န်ကြီးဌာနများ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်နှင့်
ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း အောက်တိုဘာ ၂၉ ရက်နေ့က ပြောသည်။

"အခု လွှတ်တော်အစည်းအဝေးများအကြိုမှာ ဥပဒေကြမ်း ၄၅ ခုကိုဆွေးနွေးညှိနှိုင်းနေကြတာ
ရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာဆွေးနွေးဆဲဥပဒေကြမ်း ၁၅ ခု၊ အမျိုးသားလွှတ်တော်မှာ
ဆွေးနွေးဆဲဥပဒေကြမ်း ၁၄ ခု နဲ့ ပြည်သူ့လွှတ်တော်ကနေ အမျိုးသားလွှတ်တော်ကိုပေးပို့ထားတဲ့
ဥပဒေကြမ်းက ၁၆ ခုရှိပါတယ်"ဟု ၎င်းက ပြောသည်။

အထက်ပါ ဥပဒေကြမ်းများအနက် သွေးနှင့် သွေးပစ္စည်းဆိုင်ရာ ဥပဒေကြမ်း၊ ခန္ဓာကိုယ်
အစိတ်အပိုင်းများ လှူဒါန်းခြင်းဆိုင်ရာ ဥပဒေကြမ်းများမှာ လွှတ်တော်နှစ်ရပ်အကြား
ပြင်ဆင်ချက်မရှိဘဲ သဘောတူညီထားသောကြောင့် အစည်းအဝေးစစချင်း အတည်ပြုနိုင်ဖွယ်
ရှိကြောင်းလည်း ၎င်းက ပြောသည်။

လွှတ်တော် နှစ်ရပ်အကြား အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်းအတည်မပြုနိုင်ခဲ့ဘဲ
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆွေးနွေးအတည်ပြုရန်
ဆိုင်းငံခဲ့သည့် မြန်မာ့သတ္တုတွင်းဥပဒေကိုမူ လွှတ်တော်နှစ်ရပ် ညှိနှိုင်းပြီးဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။

"အဲဒါတွေက ကြိုတင်ပြင်ဆင်ပြီးပြီ။ပြည်ထောင်စု လွှတ်တော်မှာဆက်လက် အတည်ပြုနိုင်ဖို့ပဲ
လိုတော့တယ်" ဟု ၎င်းက ပြောသည်။

၎င်းဥပဒေကြမ်းသည် သတ္တုလုပ်ကွက်များချထားပေးရာတွင် ပြည်ထောင်စုအစိုးရကသာ
ဆက်လက်ကိုင်တွယ်ရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ လွှဲပြောင်းရေးနှင့် ပတ်သက်ပြီး
အငြင်းပွားကာ အတည်မပြုနိုင်ဘဲ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လွှတ်တော်သို့ တင်ပြဆွေးနွေးခွင့် မရသော ဥပဒေကြမ်းတစ်ရပ်ရှိနေကြောင်း
ပြောဆိုမှုများနှင့် ပတ်သက်ပြီးလည်း ၎င်းက ငြင်းဆိုခဲ့သည်။

"တင်ပြခွင့်မပြုတာ မဟုတ်ပါဘူး။ ဥပဒေကြမ်းမှ မပြည့်စုံသေးလို့ထပ်ပြီး ဖြည့်စွက်ခိုင်းထားတာပါ"ဟု
၎င်းက ပြောကြားသော်လည်း မည်သည့် ဥပဒေကြမ်းဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့်(၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် အမျိုးသား လွှတ်တော်က
ဩဂုတ် ၁၉ ရက်တွင် ပြီးဆုံးခဲ့ပြီး၊ ပြည်သူ့လွှတ်တော်က ၂၇ ရက်နေ့တွင် ပြီးဆုံးခဲ့ကာ
ပြည်ထောင်စုလွှတ်တော်ကမူ ၂၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။

လွှတ်တော် အစည်းအဝေးများ ရပ်နားခဲ့သော်လည်း ပြည်သူတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှု
မရှိစေရန် လွှတ်တော်ကဖွဲ့စည်းထားသည့် ကော်မရှင်၊ ကော်မတီများမှာမူ အစည်းအဝေးများ
ဆက်လက်ပြုလုပ်ကာ ဥပဒေကြမ်းများ အတည်ပြုနိုင်ရေးအတွက် ဆက်လက်ညိနှိုင်း
ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောသည်။

လွှတ်တော်သက်တမ်းကာလအတွင်း ဥပဒေပေါင်း ၁၈၀ ခန့်ပြဋ္ဌာန်းနိုင်ခဲ့ပြီး လက်ရှိ အချိန်တွင်လည်း
အစိုးရအဖွဲ့က တင်သွင်းထားသည့် ဥပဒေများအနက် ဥပဒေကြမ်းပေါင်း ၅၀ ခန့်ကို ပြဋ္ဌာန်းနိုင်ရန်
ကျန်ရှိနေသေးကြောင်း၊ ဥပဒေပြုရေးကဏ္ဍတွင် ကျန်ရှိသည့် ဥပဒေကြမ်းများကို အကြွေးကျန်မရှိစေရန်
ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက
ဩဂုတ်၂၅ရက်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင်ပြောကြားခဲ့သည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားသော
ဥပဒေကြမ်းများအနက် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ
ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွဲခဲ့သော
မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူရန်
ကျန်နေသည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း (ပုဒ်မ ၄၃၆(က)အတွက်)၊
လွှတ်တော်တွင် ဆွေးနွေးရန်နှင့် အဆုံးအဖြတ်ရယူရန် ကျန်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့
ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်းစသည့်
ဥပဒေကြမ်းများကို ဆက်လက်ဆောင်ရွက်ရန်ရှိနေသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းကို (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်
စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာသုံးသပ်ရေးကော်မရှင်က အကြံပြုထားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ဥပဒေကြမ်း စုစုပေါင်း
၁၆ ခု ရှိနေသော်လည်း မည်သည့် ဥပဒေကြမ်းများကို ဦးစားပေးဆောင်ရွက်မည်ဆိုသည်ကိုမူ
မသိရပေ။

အလားတူပင် ပြည်သူ့လွှတ်တော်တွင်လည်း ဆက်လက်ဆောင်ရွက်ရန်ဥပဒေကြမ်း ၁၅ ခု
ရှိနေသည်။

၎င်းတို့အနက် ပြည်ထဲရေး ၀န်ကြီးဌာနက ဩဂုတ် ၁၇ ရက်တွင်ပေးပို့ထားသော 'ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'လည်း အပါအဝင်ဖြစ်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပွင့်ဖြူမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က 'ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ
ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း'ကို တင်သွင်းထားကြောင်း
ပြည်သူ့လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင်လည်း ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်းစုစုပေါင်း ၂၈ ခု
ကျန်ရှိနေသည်။

၎င်းတို့အနက် ၁၉၅၄ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊
ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ရာဇဝတ်ကျင့် ထုံးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း၊ လက်နက်ဥပဒေကိုပြင်ဆင်သည့်
ဥပဒေကြမ်း၊ ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းတို့ ပါ၀င်သည်။

"ဒီဥပဒေကြမ်းတွေက လာမယ့် (၁၃)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေမှာ
ဆက်လက်ဆောင်ရွက်သွားဖို့ရှိတဲ့ ဥပဒေ ကြမ်းတွေပါ။ ဒါပေမဲ့ ဘယ်ဥပဒေကြမ်းတွေကို
ဦးစားပေးဆောင်ရွက်သွားမယ် ဆိုတာကတော့ ကျွန်တော်တို့လည်း မသိပါဘူး"ဟု
အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူက ပြောသည်။

(၁၃)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများသည် ရက်ပေါင်းမည်မျှ အထိကျင်းပမည်ကို
မသိရှိနိုင်သေးသော်လည်း လက်ရှိလွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ
၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး