မဲစာရင်း ကိစ္စများနှင့် ပတ်သက်ပြီး ဘက်ပေါင်းစုံ၏ ဝေဖန်မှုများသည် ဥပဒေစည်းမျဉ်းများအတွင်းမှ
ဝေဖန်ရန်လိုအပ်ပြီး ဥပဒေမဲ့ ဝေဖန်နေခြင်းသည် မင်းမဲ့စရိုက်ဆန်သည်ဟု ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နို၀င်ဘာ ၁၁ ရက် ညနေ ၄ နာရီအချိန်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
"ကျွန်တော်က ဥပဒေနဲ့အညီ ရွေးကောက်တင်မြောက်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော့်ကို
တိုင်းတာမယ်ဆိုရင်လည်း ဥပဒေနဲ့ တိုင်းတာမယ်ဆိုရင်လည်း ဥပဒေနဲ့ညီရင် မှန်တယ်။
ကောင်းတယ်။ မျှတမှုရှိတယ်။ ဥပဒေနဲ့ မညီရင် မညီဘူးလို့ ပြောလို့ရတယ်" ဟု အထက်ပါ
သတင်းစာရှင်းလင်းပွဲတွင် ဦးတင်အေးက ပြောသည်။
၎င်းအား ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်ပြီး သည်းခံလိုသော်လည်း မျှတသည့် သည်းခံမှု
မဟုတ်ကြောင်း၊ ဥပဒေအရ ပြောပါက ၀မ်းပန်းတသာဖြင့် ကျေးဇူးတင်စွာ လက်ခံလိုသော်လည်း
ကိုယ့်အလုပ်ကိုယ်လုပ်နေသည်ကို အပြစ်လာပုံချပါက မင်္ဂလာမရှိသည့် သည်းခံမှုဖြစ်ကြောင်း၊
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်း ပြုစုရာတွင် ၂၀၁၀ ပြည့်နှစ်ကလည်း
မှားခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၂ ခုနှစ်ကလည်း မှားယွင်းခဲ့ကြောင်း
ပြောကြားခဲ့သည်။
"ဘယ်လောက်ထိ မှားလဲဆိုရင် သမ္မတကြီးဘေးက ကိုယ်ရံတော် ဦးကိုကိုကျော်တောင်
မဲစာရင်းမပါဘူး။ အဲဒီအတွက် ကျွန်တော် ရှက်သွားပါတယ်။ မဲစာရင်းမှန်ကန်ရေးလုပ်ကို
လုပ်မယ်ဆိုပြီးတော့ ကြိုတင်မဲ စာရင်းကောက်မယ်။ ကြိုတင်မဲစာရင်းမှန်မှ မဲစာရင်းမှန်မယ်။
ဥပဒေနဲ့ ပြောရင် လက်ခံတယ်။ ဥပဒေမဲ့ ပြောတာတော့ မင်းမဲ့စရိုက်ဆန်တယ်"ဟု ဆိုသည်။
မဲစာရင်းတွင် နာမည်ပါရန်အတွက် မဲပေးလိုသူက တာဝန်ယူ၍ မဲစာရင်းတွင် ကိုယ့် နာမည် ပါမပါ
စစ်ဆေးရန် လိုအပ်ပြီး ယခင်ကလည်း ပါတီများကို ပြောဆိုထားသည်များရှိကြောင်း၊ ပါတီများနှင့်
တွေ့ဆုံချိန်တွင် မိမိတို့၏ မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါမှသာ ပါတီများကို မဲပေးနိုင်မည်ဖြစ်သဖြင့်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ဖူးသည်ဟု ဆိုသည်။
"သို့သော် မဲစာရင်းမှန်ကန်ဖို့ ပူးပေါင်းဆောင်ရွက်ရေးထက် ပြစ်တင်ဝေဖန် ရှုတ်ချလိုသူများတဲ့
အတွက် မဲစာရင်းကို ယုံကြည်မှု မရှိကြဘူး။ မဲစာရင်းကို ယုံကြည်မှု မရှိကြလို့ မဲစာရင်းကို
လာမကြည့်ကြဘူး။ လာမကြည့်တော့ မဲစာရင်းအမှန်ဖြစ်ရေးက ဖြစ်မလာဘူး။ ကျွန်တော်က
မဲစာရင်းတွေ ကပ်ပေးဖို့ တာဝန်ရှိတယ်။ လာကြည့်ပြီး အမှားပြင်ပြီးတော့ အမှန်ဖြစ်ရေး
ပူးပေါင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာ မဲဆန္ဒရှင်များမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာ ပါတီများမှာ
တာဝန်ရှိတယ်။ စေတနာရှိသူ လူမှုရေးအဖွဲ့အစည်းများ တာဝန်ရှိတယ်။ ပူးပေါင်းဆောင်ရွက်မယ်
ဆိုရင် မဲစာရင်းအမှန်ဖြစ်မှာ"ဟု အသိပေးပြောကြားသည်။
ဒီမိုကရေနိုင်ငံက လူသားဆိုသည်မှာ အခွင့်အရေးသိသကဲ့သို့ တာဝန်သိရန်လည်း
လိုအပ်ကြောင်း၊ တာဝန်ရှိသည့် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်မှာလည်း
အကြိမ်ကြိမ်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်လိုသူ မည်မျှရှိသည်ကို မီဒီယာများ
သိရှိမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် မဲစာရင်း ခြောက်သိန်းကျော်ရှိသည့်အနက် လာကြည့်သူ
နှစ်သိန်းကျော်သာ ရှိကြောင်း၊ ပုံစံ (၃)၊ ပုံစံ (၄) နှင့် မဲစားရင်းပြင်သူ ၁၃ ရာခိုင်နှုန်းသာ
ရှိခဲ့ကြောင်း၊ ပူးပေါင်းဆောင်ရွက် ပြီး မဲစာရင်း မှန်မမှန် လာကြည့်သူ ၃၀ ရာခိုင် နှုန်းသာ ရှိသဖြင့်
၃၀ ရာနှုန်းသာ မှန်နိုင်မည်ဟု ပြောဆိုခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
"အဲဒီတုန်းက မဲစာရင်းမှန်ဖို့အတွက် ကျန်တဲ့ ရ၀ ရာခိုင်နှုန်းက ပူးပေါင်းကြပါ။ ဒါပေမဲ့ ထွက်လာတဲ့
အခါကြတော့ ဥက္ကဋ္ဌက ၃၀ ရာနှုန်းပဲ မှန်တယ်လို့ ပြောတော့ ဥက္ကဋ္ဌ ထွက်ပါလို့ ပြောခဲ့တာရှိတယ်။
ကျွန်တော်က ဘာလို့ ထွက်ရမှာတုန်း၊ ကျွန်တော် တာဝန်ကျေတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ မရှိတဲ့
လူတွေက သူတို့ဖာသာ အပြစ်မပြောဘဲ။ ကျွန်တော့်ကို လာပြောတော့ ဆောရီးပါပဲ။
ကျွန်တော် တာဝန်မကျေရင် ထွက်သွားပါ့မယ်"ဟု ပြောသည်။

















