မြန်မာနှင့် အစ္စရေး ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမည့်အဆို ပြည်ထောင်စုလွှတ်တော် သဘောတူ

မြန်မာနှင့် အစ္စရေး ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမည့်အဆို ပြည်ထောင်စုလွှတ်တော် သဘောတူ

မြန်မာနှင့် အစ္စရေးနိုင်ငံတို့၏ ကာကွယ်ရေး ၀န်ကြီးဌာန နှစ်ခုအကြား ကာကွယ်ရေးနယ်ပယ်တွင်
ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမည့်
အဆိုကို ယခုလ ၂၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
သဘောတူအတည်ပြု လိုက်သည်။

ထိုသို့ ဆွေးနွေးသွားမည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး တင်ပြသည့် အဆိုကို
ကာကွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်က တင်သွင်းခဲ့ပြီး
ကိုယ်စားလှယ်များက သဘောတူသည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းက နှစ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား အထက်ပါအတိုင်း နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူခြင်းဖြစ်ကြောင်း၊
ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် လိုအပ်သည့် ဥပဒေနှင့်ညီသော
မူဘောင်များကို ချမှတ်နိုင်ရန် အဖွဲ့ဝင် နှစ်နိုင်ငံတန်းတူ ညီတူရှိမှုနှင့် အပြန်အလှန် အပေးအယူ
မျှတမှုတို့ကို အခြေခံကြောင်း၊ ထိုအခြေခံများဖြင့် နားလည်မှုစာချွန်လွှာတွင် သတ်မှတ်ထားသည့်
မိမိတို့၏ တာဝန်များကို ပူးပေါင်းဆောင် ရွက်နိုင်ရန်နှင့် မိမိတို့၏ သက်ဆိုင်ရာ ပြည်တွင်း
ပြဋ္ဌာန်းဥပဒေရှိ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်
ရည်ရွယ်ပြီး လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခုတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စု
လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၆၁)၊ ပုဒ်မခွဲ (က)၊ နောက်ဆက်တွဲဇယား(၁)စာပိုဒ်(၄)ပါ
ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက်
၎င်းက အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခြင်းနှင့် စစ်ဘက်တပ်ဖွဲ့များ အပြန်အလှန်
လေ့ကျင့်ရေး၊ ကာကွယ်ရေးနှင့် လုံခြံုရေးမူဝါဒ ချမှတ်နိုင်ရေးနယ်ပယ်ရှိ ဥပဒေ အကြောင်းအရင်း
ဆိုင်ရာ သတ်မှတ်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု
အကူအညီနှင့် ဘေးဒုက္ခ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် အပြန်အလှန်ကူညီပေးရေး၊
စစ်ဘက် စီပွားရေး၊ သိပ္ပံနှင့် နည်းပညာ စစ်ဘက်ဆိုင်ရာ ပညာရေးသင်တန်းများနှင့်
စစ်ဘက်ဆိုင်ရာ ဆေးပညာများ စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊
နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် အားကစား အပြန်အလှန် ဖလှယ်နိုင်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ
အုပ်ချုပ်ထောက်ပံ့မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အခြားသော ကာကွယ်ရေးဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များတွင်လည်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများကို
ရရှိစေမည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ်အောင်သော်က ပြောကြားသည်။

မြန်မာနှင့် အစ္စရေး ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးနိုင်ရေး အဆိုကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များက နိုဝင်ဘာလ
၂၅ ရက်နေ့၊ ညနေ လေးနာရီအချိန် နောက်ဆုံးထား စာရင်းပေးသွင်းကြရန် ပြည်ထောင်စု
လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး