အမျိုးသား လွှတ်တော်တွင်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိက ပညာရေး
ဥပဒေကြမ်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်အချို့နှင့် ကိုက်ညီမှု
မရှိသောကြောင့် ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ ဆိုင်းင့ံထားရန် နိုဝင်ဘာ၂၀ ရက်နေ့တွင်
ဆုံးဖြတ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းထားသည့် အထက်ပါ ဥပဒေကြမ်းသည် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ပြန်လည်သုံးသပ်ရန်
ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာပြန်ပိုပြီး ဆိုင်းင့ံထားရေးအတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"လတ်တ လောအတည်ပြုဆောင်ရွက်ရန် မသင့်ဘဲ ဆိုင်းင့ံထားရင် ဆက်လုပ်လို့လည်းမရဘူး။
အဲဒါကြောင့် အကျိုးအကြောင်းဖော်ပြ၍ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် ပေးပို့ရန်
အစီရင်ခံစာ တင်ဖို့လိုတယ်"ဟုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က အစည်းအဝေးတွင်
ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းတွင်ပါရှိသည့် ကျောင်းတည်ထောင်ရမည့်ဖော်ပြချက်များသည် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိခြင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများက
နှစ်ရှည်ကြာ ဖွင့်လှစ်ထားသော သံတမန်မိသားစုများ သာမက နိုင်ငံသားများပါ တက်ရောက်
သင်ကြားခွင့်ရှိသော ကျောင်းများ၏ ရပ်တည်ချက်ကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းကို
ယင်းနှင့် ဆက်နွယ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုရှိစေရန်
ပြန်လည်သုံးသပ်သင့်ကြောင်း များပါ၀င်သည့် သဝဏ်လွှာတစ်ခုကိုလည်း ဦးခင်အောင်မြင့်က
နိုင်ငံတော် သမ္မတ ထံသို့ အောက်တိုဘာ ၁၆ ရက်တွင် ပေးပို့ခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သည် အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌
စတင်ဆောင်ရွက်ရန် ဇွန် ၃၀ ရက်နေ့တွင် ပေးပို့ခဲ့ရာ အမျိုးသားလွှတ်တော်ဥပဒေကြမ်း
ကော်မတီသည် ယင်းဥပဒေကြမ်းနှင့် ဆက်စပ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်ဥပဒေရေးရာ ကော်မရှင်မှ
ပညာရှင်များ၊ ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကပညာရေး ကဏ္ဍရှိ ထင်ရှားသော
အဖွဲ့အစည်းများက ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဆိုင်းင့ံထားရန်
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော်သည် နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင်
ပုဂ္ဂလိကပညာရေး ဥပဒေကြမ်းနှင် ့ပတ်သက်သည့် ဆောင်ရွက်နေမှုကို ဆိုင်းင့ံထားရန်
ဆုံးဖြတ်ခဲ့သော်လည်း ထိုနေ့တွင်ဆောင်ရွက်ရန် လျာထားသည့် ကျန်ဥပဒေကြမ်း ၁၂ ခု ကိုမူ
အတည်ပြုခဲ့သည်။
ထို့ပြင် ပြည်သူ့ လွှတ်တော်က အတည်ပြုပြီး ပေးပို့လာသော 'ရေနံလက်ယက်တွင်းဆိုင်ရာ
ဥပဒေကြမ်း'နှင့် 'မြန်မာနိုင်ငံ စာရင်းအင်း ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကိုလည်း
ဥပဒေကြမ်းကော်မတီက ဖတ်ကြားတင်သွင်းခဲ့သည်။
ထိုနေ့က အတည်ပြုခဲ့သောဥပဒေကြမ်းများမှာ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး
ပေးပို့ထားသော 'နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'၊ 'ဘဏ်နှင့်
ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေကြမ်း'၊ 'သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း'၊ 'လမ်းနှင့် တံတား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'၊
'လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း'၊ 'အမြန်လမ်းမကြီးများ ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း'နှင့် 'ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်
ဥပဒေကြမ်း' တို့ဖြစ်သည်။
ထို့ပြင် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးသော ဥပဒေကြမ်းများဖြစ်သည့်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းထားသည့် 'ပိုးသတ်ဆေး
ဥပဒေကြမ်း'နှင့် 'အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်း'၊ သိပ္ပံနှင့် နည်းပညာ
၀န်ကြီးဌာနက တင်သွင်းထားသည့် 'သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်း'၊
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တင်သွင်းထားသည့် '၁၉၅၁ ခုနှစ်၊
အလုပ်ရုံများအက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း'နှင့် 'အခကြေးငွေပေးရေး ဥပဒေကြမ်း'
များကိုလည်း တစ်ရက်တည်း အတည်ပြုခဲ့သည်။

















