လာမည့် ၂၀၁၆ ခုနှစ်တွင် အသစ်ထပ်မံဖွဲ့စည်းမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏
ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ၈၀ ရာနှုန်းခန့်အထိ
နေရာရရှိထားသဖြင့် ပြည်ထောင်စုလွှတ်တော်၏ အသံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
လွှမ်းမိုးထားမည် ဖြစ်သည်။
လွမ်းမိုးထားမှုကြောင့် လွှတ်တော်နှစ်ရပ်လုံး၏ ဆောင်ရွက်ချက်အတော်များများသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မူ သဘောနှင့် လိုလားချက်အတိုင်းသာ ဖြစ်သွားနိုင်သည်ဟု
သုံသပ်ခြင်းများလည်းရှိသည်။
"ပါလီမန် ပြည်သူ့လွှတ်တော်မှာ တစ်သွေး တစ်သံတစ်မိန့်နဲ့ သွားမှာလား။ ဘယ်သူကမှ
မပြောရဲဘဲနဲ့ ပါလီမန်ဥက္ကဋ္ဌ ထိုင်တာမို့လို့ ဘယ်သူကမှ အသံမထွက်ရဲဘဲ
တိတ်တိတ်ဆိတ်ဆိတ်နဲ့ အကုန်လုံးထောက်ခံ၊ အကုန်လုံး ကန့်ကွက်ဆိုတဲ့ ပုံစံနဲ့သွားမယ်ဆိုရင်
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါလီမန် မြင်ကွင်းကို တစ်မျိုးပြန်သုံးသပ်ရမှာပေါ့"ဟု
ဒေါက်တာအေးမောင်က ဆိုသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ လွှတ်တော်
သက်တမ်းတွင် လွှတ်တော် ဥက္ကဋ္ဌ နေရာ၌ တာဝန်ယူလာမည်ဆိုပါက၊ အသစ်ဖွဲ့စည်းတော့မည့်
အစိုးရတစ်ရပ်ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဖွဲ့စည်းသည့် အစိုးရတစ်ဖွဲ့
ဖြစ်နေသဖြင့် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့၏ အပြန်အလှန်ထိန်းကျောင်းရေး
ကိစ္စတွေဟာ အားပျော့တဲ့ ထိန်းကျောင်းမှုတွေ ဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။
ကျင်းပနေဆဲဖြစ်သည့် ပထမအကြိမ်လွှတ်တော်သည် တပ်မတော်က အုပ်ချုပ်နေရာက
အသွင်ပြောင်းလဲလိုက်သည့် လွှတ်တော်ဖြစ်လင့်ကစား အတိုက်အခံအင်အားစုက
နေရာတစ်နေရာ ရရှိခဲ့ကာ အတိုက်အခံ ပြု နိုင်ခဲ့သဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရအဖွဲ့၏
လိုအပ်ချက်များကို အတိုင်းအတာတစ်ခုအထိ ထောက်ပြနိုင်ခဲ့သည်။
"ပထမအကြိမ်သည် ပြည်ခိုင်ဖြိုးစိုးမိုးတဲ့ ပါတီ တိုင်းရင်းသားအမတ်တွေလည်းပါတယ်။
အခု မပြီးဆုံးသေးတဲ့ ဇန်နဝါရီမှာ ပြီးဆုံးမယ့် ပါလီမန်ကာလတစ်ခုမှ အသံလေးတွေနဲ့
ဒီမိုကရေစီစနစ်တစ်ခုကို ဟိုးအာဏာရှင် စနစ်ကနေ ကူးပြောင်းလာတဲ့ ကာလတွေမှာ
ဘယ်လို သံစုံတီးဝိုင်းဖြစ်အောင် ပြည်ခိုင်ဖြိုးမှာရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နောက် တပ်မတော်က
ပုဂ္ဂိုလ်တွေ ဘယ်လိုအကူးအပြောင်းကာလမှာ တွေခဲ့သလဲ။ ဒါက သမိုင်းကျန်ခဲ့ပြီ"ဟု
တိုင်းရင်းသား အစုအဖွဲ့မှ သမ္မတလောင်းအဖြစ် တင်သွင်းခြင်းခံခဲ့ရသူလည်း ဖြစ်သည့်
ဒေါက်တာအေးမောင်က ပြန်ပြောင်း ပြောပြသည်။
ထို့အတူ လက်ရှိ အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီပါက
၂၀၂၀ ရွေးကောက်ပွဲမရောက်ခင် မြန်မာနိုင်ငံတွင်း ဆန္ဒထုတ်ဖော်ပွဲများနှင့် လွှတ်တော်
ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများ ဖြစ်လာနိုင်သည်ဟု အလုံ မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က နို၀င်ဘာ ၁၆ ရက်နေ့တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။
"၂၀၁၆-၂၀၂၀ အတွင်းမှာ အနိုင်ရတဲ့ ပါတီရဲ့ ဆောင်ရွက်မှုကတော့ အရေးကြီးပါတယ်။ သူတို့ရဲ့
ဆောင်ရွက်မှုကို မူတည်ပြီးမှ ပြည်သူတွေက ကြိုက်ခြင်းမကြိုက်ခြင်း ဆုံးဖြတ်မယ်။ လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ တစ်ဦးချင်း အရည်အချင်းကိုမကြိုက်ရင် ၂၀၂၀ အထိမရောက်ဘဲနဲ့
ကြားထဲမှာပဲ right to recall နဲ့ ပြန်လည်ဖြုတ်ချတာမျိုးဖြစ်လာနိုင်ပါတယ်။ ဥပဒေကိုပြင်ပြီးပြီ
ဆိုရင်ပေါ့၊ မပြင်သေးရင်တောင် ဆန္ဒပြတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်"ဟု ဦးခိုင်မောင်ရည်က
ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း လက်ရှိ လွှတ်တော်တွင်းရှိနေသည့် ပါတီစုံမှ ကိုယ်စားလှယ်
အများစု အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့က ပြင်ပနိုင်ငံရေး ဆောင်ရွက်ကြမည်ဖြစ်သည်။
လွှတ်တော် အတွေ့အကြံုရှိပြီးသား ကိုယ်စားလှယ်များက ပြင်ပနိုင်ငံရေး လောကမှနေ၍ နိုင်ငံရေး
ဆောင်ရွက်ရင်း ဥပဒေပြုရေးမဏ္ဍိုင်ကို စောင့်ကြည့်ထိန်း ကျောင်းမှုတွေ ပြုလုပ်လာကြမည်
ဖြစ်သည်။
လွှတ်တော်တွင်း အတွေ့အကြံုရင့်ကျက် လာပြီးဖြစ်သဖြင့် တက်ရောက်လာမည့် လွှတ်တော်
ကိုယ်စားလှယ်များ အမှားပြုလုပ်မိခြင်း၊ ဒေါက်တာအေးမောင် ပြောသကဲ့သို့ တစ်သွေး၊ တစ်သံ၊
တစ်မိန့်ဆောင်ရွက်နေခြင်းများ ရှိလာပါက မဲဆန္ဒနယ်မြေတွင်းမှ မဲဆန္ဒရှင် တစ်ရာနှုန်းဖြင့်
အနိုင်ရလွှတ်တော် ကိုယ်စားလှယ်ကို ဖြုတ်ချခြင်း၊ မဲဆန္ဒနယ်မြေတွင်း ပြည်သူများ ဆန္ဒပြ၊
ဆူပူအောင် အတိုက်အခံပြု ဆောင်ရွက် ထိန်းကျောင်းခြင်းများလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှာ ယခင်ကတည်းက ယခုအချိန်အထိ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ
ဒုတိယတန်းစားအင်အားစုအဆင့်ဖြင့်သာ ပြည်မက ပုဂ္ဂိုလ်တွေက သတ်မှတ်ထားမှု ရှိနေသေးတဲ့
အတွက် ပြည်ခိုင်ဖြိုး ပါတီကဖြစ်စေ၊ အင်န်အယ်လ်ဒီပါတီက ဖြစ်စေ အသိအမှတ်ပြုပြီး
အလေးအနက်ထား ရမည်ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။
သူက "အဲဒီလိုပဲ တိုင်းရင်းသားပါတီတွေရဲ့ ကဏ္ဍကိုလည်း အလေးအနက်ထားသင့်တယ်၊
ပါတီတစ်ခုပေါ်လာတာနဲ့ မိမိပါတီမှာ တိုင်းရင်းသားရှိပါတယ်လို့ ပြောတာမတူဘူးနော်၊
တိုင်းရင်းသားပါတီကြီး တစ်ခုပါမယ်၊ ရှမ်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ပအိုဝ်းတွေလည်း ပါမယ်၊
သို့သော် အဲဒီတိုင်းရင်းသားတွေရဲ့မူ အတိုင်း အဲဒီတိုင်းရင်းသားတွေက ရပ်တည်ပေးရတယ်၊
တိုင်းရင်းသား တစ်မျိုးချင်းရဲ့ အသံမထွက်ဖို့လိုတယ်"ဟုလည်း မြန်မာတိုင်း(မ်)နှင့်
တွေ့ဆုံမေးမြန်းစဉ် တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သက်ပြီး ထည့်သွင်းသုံးသပ်သည်။
အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုအတွင်း တိုင်းရင်းသားများ ပါ၀င်သဖြင့် တိုင်းရင်းသားနယ်မြေတို့၏
ခံစား၊ လိုလားချက်များ ရရှိပြီးဟု ယတိပြတ်ပြောဆို၍မရဘဲ သက်ဆိုင်ရာ တိုင်းရင်းသားပါတီ၊
သို့မဟုတ် သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ မူသဘော၊ ခံစား၊ လိုလားချက်များကို
တင်ပြပြောပြနိုင်စွမ်းရှိရန် အဆိုပါ အနိုင်ရပါတီအတွင်းရှိ တိုင်းရင်းသားတို့က နားလည်
ရပ်တည်ပေးရမည်ဖြစ်သည်။
အသစ်ထပ်မံဖွဲ့စည်းမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဥပဒေပြုရေး မဏ္ဍိုင်နှင့်
အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အပြန်အလှန်ထိန်းကျောင်းရာတွင် အင်အားရှိရန်အတွက် ပထမအကြိမ်
လွှတ်တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယက နေရာဖြင့် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌနေရာများကို အမှားအယွင်းနည်းစွာ ကိုင်တွယ် ဆောင်ရွက်နေနိုင်သည့် လက်ရှိ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ပြန်လည် တာဝန်ပေးရန် လိုအပ်ပြီး အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင်လည်း လက်ရှိ အစိုးရအဖွဲ့တွင် တာဝန်ယူ
လုပ်ကိုင်နေသည့် အရည်အချင်းရှိပြီး စညး်စနစ်ကျသူများကို ပြန်လည် အသုံးပြုရန် လိုအပ်သည်ဟု
နိုင်ငံရေးသတင်း ဆောင်းပါးများစွာကို ရေးသားနေပြီး နိုင်ငံခြားသတင်းဌာနတွင် သတင်းထောက်
အဖြစ် ဆောင်ရွက်နေသည့် ဦးသီဟသွေးက ပြောသည်။
၎င်းက "ဦးခင်အောင်မြင့်က လွှတ်တော် balance ဖြစ်အောင်ပြန်သုံးသင့်တာပါ။
အစိုးရပိုင်းကတော့ ပြန်သုံးနိုင်ရင်၊ ချောမွေ့မယ်မဟုတ်ရင် အခက်အခဲတွေ အများကြီး
တွေ့ရမယ်"ဟု သုံသပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရအဖွဲ့က နိုင်ငံတော်၏ အဓိက မဏ္ဍိုင်ကြီးတစ်ခုဖြစ်သည့်
အုပ်ချုပ်ရေးမဏ္ဍိုင်၊ အစိုးရအဖွဲ့ကို မည်သို့ ဖွဲ့စည်းလည်ပတ်မည်ကို ၀န်ထမ်းများအနေဖြင့်
ခန့်မှန်းရုံသာ တက်နိုင်သေးကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်
နောက်ပိုင်းကာလမှ စတင်၍ တပ်မတော်အစိုးရနှင့် တပ်မတော်က အသွင်ပြောင်းထားသည့်
ပြည်ခိုင်ဖြိုး အစိုးရတို့ကသာ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို ကိုင်တွယ် စီမံခန့်ခွဲခဲ့သဖြင့်
၀န်ထမ်းများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့လက်အောက်တွင်
လုပ်ကိုင်ရမည့် လုပ်ငန်းများ၊ ၎င်းတို့ရရှိမည့် ခံစားခွင့်များကို စိတ်ထဲမှ ခန့်မှန်းတွက်ချက်ရုံသာ
တတ်နိုင်ခြင်း ဖြစ်သည်။
"သူတို့တစ်တွေက လုပ်ကို မလုပ်ကြရသေးလို့ပါဘဲ။ မျှော်လင့်တာကတော့ ကောင်းတာပဲ
မျှော်လင့်တာပဲပေါ့ဗျာ။ ၀န်ထမ်းတွေဆိုတာကလည်း ပြည်သူတွေပဲလေဗျာ။ ပြီးတော့
ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွေမှာပါ အထက်အောက် မျှတတဲ့
လူကြီးတွေ၊ ခေါင်းဆောင် ကောင်းပီသသူတွေ ရောက်လာပါစေလို့ မျှော်လင့်တာပေါ့ဗျာ"ဟု
ဦးမင်းမင်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး ပို့ဆောင်ရေး ၀န်ကြီးဌာန နေပြည်တော်က
မြန်မာတိုင်း(မ်) ကို ပြောသည်။
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ အစိုးရခေါင်းဆောင်များတွင် တိကျမှန်ကန်စွာ ဆောင်ရွက်နေသည့်
အရာရှိများလည်းရှိကြောင်း၊ လက်ရှိလုပ်ကိုင်နေသည့် အချို့အရာရှိ၊ အရာခံများနှင့် ၀န်ကြီး၊
ဒုတိယဝန်ကြီးများ ဆိုပါက ၎င်းတို့ ၀ါသနာနှင့် ကိုင်တွယ်ရသည့် ၀န်ကြီးဌာန ကိုက်ညီနေသဖြင့်
အထူးအထွေ ထပ်မံလေ့လာရန် မလိုအပ်သည့်တိုင်အောင် အရည်အချင်း ပြည့်ဝသူများ
ပါ၀င်ကြကြောင်းဖြင့် အစိုးရ ၀န်ထမ်းလုပ်သက် ၁၁ နှစ်ရှိပြီဖြစ်သည့် အထက်ပါပုဂ္ဂိုလ်က
ပြောသည်။
"NLD ကတော့ အစိုးရကို အခုမှ စလုပ်ရမှာဖြစ်တော့ ချက်ချင်းတော့မရဘူးပေါ့ဗျာ၊ လေ့လာရင်း
ဆောင်ရွက်ရင်း သွားရမှာပေါ့၊ ဘယ်လိုပဲ ဖြစ်စေ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက်
ပေါ်လစ်တီကယ်ကနေလာတဲ့ ၀န်းကြီးတွေ လူကြီးတွေ ကောင်းတာပဲ လိုချင်တာပေါ့ဗျာ သူတို့က
ငါးနှစ်ပြည့်ရင် ချိန်းသွားကြဦးမယ်လေ"ဟု ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို စတင်တင်ကိုင်တွယ်ရသည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းသည့် အစိုးရလက်ထက်တွင်း ၀န်ထမ်းလစာများ
တိုးမြင့်လာခြင်းနှင့် အမျိုးသမီးဝန်ထမ်းများအတွက် ယခင်က မရှိခဲ့ဖူးသည့် မီးဖွားခွင့်
ရရှိခဲ့သော်လည်း ယခင်အစိုးရ အဆက်ဆက်က သိမ်းဆည်းခဲ့သည့် မြေယာများလျော်ကြေး
ကိစ္စများကိုမူ နစ်နာသူ ပြည်သူအားလုံး ကျေနပ်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
"အရင်တုန်းက ၀န်ကြီးဆိုတာ တစ်လတစ်ခါတောင် မမြင်ဖူးတဲ့ ၀န်ထမ်းတွေ အများကြီး၊
ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတော့ အမြဲမြင်ရ တွေ့ရတာပေါ့ဗျာ။ ဒါကလဲ ခံစားတွေ့ကြံုရတဲ့
အခြေအနေပေါ့ဗျာ။ အရင်နဲ့ စာရင်ပြောတာပါ၊ အရင်ကဝန်ကြီးဆိုတာ မော်တောင်
မကြည့်ရဲဘူးလေ၊ လမ်းတွေ့ဘာ ၀တ်လာမှန်းတောင် မသိလိုက်ရဘူးကိုဗျ၊ အများကြီးတော့
မပြောတော့ပါဘူး၊ လစာနဲ့ ခွင့်ခံစားခွင့်တော့ ရလိုက်တယ်ပေါ့ဗျာ"ဟု လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောသည်။
၂၀၁၆ ခုနှစ်၊ မတ် ၃၁ ရက်နေ့တွင် လက်ရှိ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ကဏ္ဍကို ကိုင်တွယ်
စီမံခန့်ခွဲနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အစိုးရလက်ထဲမှ အုပ်ချုပ်ရေး
အာဏာကို အသစ်တက်ရောက်လာမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖွဲ့စည်းလိုက်သည့်
အစိုးရလက်တွင်းသို့ လွှဲပြောင်းပေးအပ်ရတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ၀န်ထမ်းလူတန်းစားတွင် ၀န်ကြီးဌာနများ၏ ထိပ်တန်းရာထူးကို ရယူထားနိုင်သည့်
လူတန်းစာက လွဲ၍ ကျန် သာမန်ဝန်ထမ်း လူတန်းစာ အများစုသည် မိသားစုရပ်တည်ရေးကို
ကြိုးပမ်းနေရင်း လူ့သက်တမ်းကုန်ဆုံးသူက များပြားလှသည်။
သာမန်ဝန်ထမ်းအများစုမှာ မိသားစု ချမ်းသာတောင့်တင်းမှု မရှိပါက၊ မိဘတို့၏ အမွေအနှစ်ကို
ခံစားခွင့် မရှိခဲ့ပါက ၎င်းတို့ ရရှိထားသည့် ၀န်ထမ်းလစာနှင့် ခံစားခွင့်များသည့် မိသားစု
ရပ်တည်ရေးအတွက်သာ တတ်နိုင်ကြသည်။
အချို့ ၀န်ထမ်းများမှာမူ လူတန်းစေ့နေ ထိုင်နိုင်ရေး၊ ငွေကြေးချမ်းသာကြီးပွားရေးတို့အတွက်
၀န်ထမ်းလစာဖြင့် မဖြစ်နိုင်သည့်အတွက် မသမာမှုများပြုခြင်း၊ လာဘ်ပေးလာဘ်ယူလုပ်ခြင်းများ
ရှိလာကြသည်။
ထို့ပြင် ထိုသို့လာဘ်ပေးလာလ်ယူကိစ္စများ၊ ငွေကြေးမသမာမှုကိစ္စများ ပြုလုပ်ဆောင်ရွက်ရန်
အခွင့်အလမ်းသာသည့် ရာထူး၊ ဒေသများတွင် တာဝန်ထမ်း ဆောင်ခွင့် ရရှိရန်အတွက်
အထက်လူကြီးများသို့ လာဘ်ထိုးခြင်း၊ အထက်လူကြီး အကြိုက်နေထိုင်ခြင်းများလည်း ရှိခဲ့သည်။
"NLD အစိုးရလက်ထက်မှာ ၀န်ထမ်းတစ်ဦးရဲ့ မျှော်လင့်ချက်ပါ။ တဲ့သာပြောရရင်ဗျာ
၀န်ထမ်းဖြစ်တော့ လုပ်ခလစာ ကောင်းကောင်းနဲ့ စိတ်အေးအေးချမ်းချမ်း ပျော်ရွှင်မှုကို
လိုချင်တာပေါ့ဗျာ၊ အာဆီယံ လစာလောက်ကြီး မမျှော်လင့်ပါဘူး၊ သင့်တင့်တဲ့ လစာပေါ့၊
အောက်ခြေဝန်ထမ်းတွေ အဆင်မှ မပြေကြသေးတာကိုးဗျ"။ စားဝတ်နေရေးအတွက်
ပူပင်ကြောင့်ကြမှုတွေအောက်မှာ အလုပ်လုပ်နေရရင် ဘယ်လိုလုပ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးနိုင်မလဲဗျာ
အပေါ်က အကောင်အထည်ဖော် အောက်က လိုက်လုပ်၊ ပျော်ပျော်ရွှင်ရွှင်ဆို မြိုင်တာပေါ့ဗျာ"ဟု
ဦးမင်းမင်းထွန်း ကပြောသည်။

















