ထာဝရငြိမ်းချမ်းရေး ဖြစ်မြောက်အောင်ဆောင်ရွက်မည်ဟု အင်န်အယ်လ်ဒီ ဥက္ကဋ္ဌက ပြော

ထာဝရငြိမ်းချမ်းရေး ဖြစ်မြောက်အောင်ဆောင်ရွက်မည်ဟု အင်န်အယ်လ်ဒီ ဥက္ကဋ္ဌက ပြော

လက်ရှိအစိုးရ ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်မည်
ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား
ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

"ကျွန်မတို့နိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေး ရဖို့ဆိုတာ၊ လုပ်စရာတွေ အများကြီး ရှိသေးတယ်
ဆိုတာ တိုင်းရင်းသားတွေ နားလည်ပြီးသားဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ကလည်း
ကြိုးစားပြီးတော့ ဒီငြိမ်းချမ်းရေး ဖြစ်မြောက်အောင်လုပ်မှာပါ။ တိုင်းရင်းသားတွေ အားလုံးပါ၀င်မယ်
ဆိုရင် ဖြစ်မြောက်မှာပါ"ဟု လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့်
နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ရ ရက် ညနေက ပြုလုပ်သော တိုင်းရင်းသား
လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက်လည်း တိုင်းရင်းသားများအနေဖြင့် မိမိတို့
ဘာရနိုင်သလဲဆိုသည့် အမြင်ထက် မိမိတို့ ဘာပေးနိုင်သလဲဆိုသည့် အမြင်မျိုးထားရှိရန်
လိုအပ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

"ငါတို့ ဘာရနိုင်မယ်ဆိုတာ နံပါတ်တစ် မဟုတ်ပါဘူး။ ငါတို့ဘာပေးနိုင်မလဲဆိုတာ
နံပါတ်တစ်ထားမယ် ဆိုလို့ရှိရင် ဒီဟာ တကယ့်ကို အောင်မြင်မှပါလို့ ကျွန်မ ထင်ပါတယ်"ဟု
ပြောကြားခဲ့သည်။

သို့သော်လည်း တိုင်းရင်းသားလူမျိုးစာရင်းတွင် ဗမာလူမျိုးများလည်း ပါ၀င်နေသောကြောင့်
ဗမာလူမျိုးများကိုပါ ထည့်သွင်း သတ်မှတ်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းရင်းများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲသော်လည်း ပြည်ထောင်စုကြီးအတွက်
ပေးနိုင်သည့်အရာများ ရှိနေပြီး ပင်လုံစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက
အောင်မြင်နိုင်မည်ဟု ဆိုသည်။

"တိုင်းရင်းသားတွေမှာ တန်ဖိုးရှိတဲ့ ပေးစရာတွေ အများကြီးရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ
မပေးနိုင်ဘူးဆိုတာ လုံးဝမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တဖြည်းဖြည်း ပြည်ထောင်စုပုံစံ ဖြစ်လာသော်လည်းပြည်ထောင်စု
စိတ်ဓာတ်ကိုပါ တစ်ပြိုင်တည်း ပြုစုပျိုးထောင် သွားရန် လိုအပ်လျက်ရှိသည်။

ပြည်ထောင်စု စိတ်ဓာတ်သည် ပင်လုံစိတ်ဓာတ်လည်း ဖြစ်သည်ဟု ဆိုသည်။

"ပင်လုံစိတ်ဓာတ်ကို ရှင်းပြပါဆိုရင်တော့ ပင်လုံစာချုပ် ချုပ်တဲ့အခါမှာ ပင်လုံစာချုပ်ကို ချုပ်စေနိုင်တဲ့
စိတ်ဓာတ်၊ ဒီပြည်ထောင်စု စိတ်ဓာတ်ကြောင့်မို့လို့ ပင်လုံစာချုပ်ဆိုတာ ပေါ်လာတာ"ဟု
ပြောကြားခဲ့သည်။

အထက်ပါ တွေ့ဆုံပွဲသို့ လွှတ်တော်တွင်း ရောက်ရှိနေသော တိုင်းရင်းသားကိုယ်စားလှယ်များ
တက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သဖြင့်လာမည့် လွှတ်တော်တွင်
ထပ်မံဆုံနိုင်တော့မည်မဟုတ်သော တိုင်းရင်းသားကိုယ်စားလှယ်များကလည်း
အခြားနေရာများတွင် အဖွဲ့ချုပ်ပါတီနှင့် ဆက်လက်ထိတွေ့ပြီး ပူးပေါင်းဆောင်ရွက်လိုကြောင်းပါ
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး