ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်မထိုးခြင်းမှာ တစ်နိုင်ငံလုံး လွှမ်းခြံုမှု မရှိခြင်းကြောင့်ဖြစ်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်မထိုးခြင်းမှာ တစ်နိုင်ငံလုံး လွှမ်းခြံုမှု မရှိခြင်းကြောင့်ဖြစ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA)စာချုပ်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါ၀င်လက်မှတ်ရေးထိုးမှု မရှိခြင်းမှာ
ယင်းစာချုပ်သည် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြံုမှုမရှိဘဲ နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုသာ
လွှမ်းခြံုနိုင်ခြင်းကြောင့် ဖြစ်သည်ဟု မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာမေဝင်းမြင့်က ပြောသည်။

ဒီဇင်ဘာ ရ ရက်နေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံက ပေးပို့ထားသည့် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်နှင့် စပ်လျဉ်းဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး
၎င်းက "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်တွင် ပါ၀င်သင့်
ပါ၀င်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အတူတကွ
ပါ၀င်လက်မှတ်ရေးထိုး ရမည်ဆိုသည့် ရည်ရွယ်ချက်နှင့်ညီညွှတ်စေရန် နိုင်ငံတော်အစိုးရနှင့်
တပ်မတော်တို့က (NCA)တွင် မပါ၀င်သေးသောအဖွဲ့များကို ပါ၀င်လာနိုင်ရေးအတွက်
သဘောထားကြီးစွာ လက်ကမ်းကြိုဆို ဆောင်ရွက်သင့်ပါတယ်"ဟု သူက ပြောကြားသွားသည်။

"NCA ချုပ်ကို အင်န်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် ပါ၀င်လက်မှတ်ထိုးထားခြင်း မရှိပါဘူး။
အကြောင်းရင်းကတော့ တစ်နိုင်ငံ လုံးလွှမ်းခြံုမှုမရှိဘဲ တစ်စိတ်တစ်ပိုင်းသဘောသာဖြစ်ခြင်း၊
ပါ၀င် လက်မှတ်ရေး ထိုးလိုက်ပါက စာချုပ်တွင် လက်မှတ်ရေးထိုးသော တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များအကြား နားလည်မှု လွှဲမှားနိုင်ခြင်း၊ ယခုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမပြုသော
တိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် ဖိအားပေး လာနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်"ဟု
ပြောဆိုခဲ့သည်။

"တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ အခန်း(၁) အခြေခံမူ ၁၁ ချက်ကို
အနှစ်ချုပ်မည်ဆိုပါက "ဒို့တာဝန် အရေးသုံးပါးကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူ ညီမျှမှု၊
တရားမျှတမှုတို့ကို အခြေခံသော ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကို
တည်ဆောက်သွားရန်၊ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားနေသော လက်နက်ကိုင်
ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲအောင်
ဦးစွာဆောင်ရွက်ရန်"

"တိုင်းရင်းသားလူမျိုးများ ပေါင်းစုံ ပူးပေါင်း ပါ၀င်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာ
ကိစ္စရပ်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်း ဆွေးနွေးသွားရန်နှင့် ရေရှည်တည်တံ့
ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့်
သဘောထားဆန္ဒများကို အခြေခံပြီး ပါ၀င်သင့်သူအားလုံး ပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲများ
ကျင်းပသွားရန်တို့သည် အဓိကအချက် (၄)ချက်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်"ဟု
ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို
ကလည်း ၀င်ရောက်ဆွေးနွေးစဉ် သုံးသပ်သည်။

အဆိုပါ အခြေခံမူများကို အကောင် အထည်ဖော်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးပူးတွဲ
ကော်မတီ (UPDJC)တွင် ပါ၀င်ရန် နိုင်ငံရေးပါတီ ၉၀ ကျော်မှ ကိုယ်စားလှယ် ၁၆ ဦးနှင့်
အကြံပေးတို့ကို မဲပေးရွေး ချယ်ထားသည်ကို တွေ့ရှိရသဖြင့် လူများပြီး ပွဲမစည်သည့်
စကားရပ်ကဲ့သို့ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံရေးပါတီ ၉၀ ကျော်အစား အနည်းဆုံး
ပြည်သူ့ကိုယ်စားလှယ် တစ်ဦး ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နိုင်ငံရေး ပါတီများသာ
ပါ၀င်သင့်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"ရွေးကောက်ပွဲတွင် လုံးဝ အနိုင်မရသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပါ၀င်သင့်သူ
အားလုံး ပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲကြီးတွင် ပါ၀င်ခွင့်ပြုသင့်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေး
ရရှိရန် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကို ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီပါတီက
ဆက်လက်တာဝန်ယူ သွားရမည်ဖြစ်ရာ ဖော်ပြပါ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) တွင် အင်န်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ် နှစ်ဦးတည်းသာ
ပါ၀င်စေမှုသည် လျော်ကန်သင့်မြတ်မှု ရှိမရှိ ပြန်လည် သုံးသပ်သင့်ပါတယ်"ဟု ၎င်းက
ဆက်လက်ပြောသည်။

အထက်ပါ သဘောတူစာချုပ်နှင့် ပတ်သက်ပြီး ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးတင်မောင်ဦးက ငြိမ်းချမ်းမှုမဲ့ အနိဋ္ဌာရုံများအကြား ပါ၀င်နေရသည့် ပြည်သူများ၊
နှစ်ဖက်တပ်မတော်များမှ တပ်သားတို့နှင့် စပ်လျဉ်း၍ ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဦးတင်မောင်ဦးက "ဒီနေ့ နိုင်ငံတော်ကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်တွင်း
ငြိမ်းချမ်းရေးဟာ မဖြစ်မနေ လိုအပ်တဲ့ အကြောင်းတရားဖြစ်သလိုအကြီးမားဆုံးသော
'စိန်ခေါ်မှု'လည်း ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းမှုမရှိဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုရင် တည်ဆဲဥပဒေများဟာလည်း
သက်ဝင်လှုပ်ရှားမှု မရှိနိုင်တော့ပါဘူး။

ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်
တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရသလို အထူးသဖြင့်
နယ်စပ်ဒေသတွေမှာ တည်ဆောက်ရေးတွေ လုပ်လိုက်၊ ဖျက်ဆီးခံလိုက်ရနဲ့ သိသာထင်ရှားတဲ့
ပြောင်းလဲတိုးတက်မှု မရှိခဲ့တာ ယနေ့တိုင်ပဲ ဖြစ်ပါတယ်။

ကနေ့ ငြိမ်းချမ်းရေးကို နိုင်ငံသားအားလုံး လိုလားနေသလို အထူးသဖြင့် မြေစာပင် ဖြစ်ခဲ့ရတဲ့
နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်လည်း
အထူး မျှော်လင့်တောင့်တနေတဲ့ကိစ္စ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိတော့ဖို့၊ တိုက်ပွဲတွေ မရှိတော့ဖို့
လိုလားတောင့်တနေသူတွေထဲမှာ 'တပ်မတော်သားများ'ဟာလည်း ရှေ့ဆုံးကနေ
ပါ၀င်နေတာကို တွေ့ရမှာဖြစ်သလိုယုံကြည်ချက်၊ ခံယူချက်နဲ့ လက်နက်ကိုင်တော်လှန်ရေး
လုပ်နေတာ။

"တိုင်းရင်းသားအဖွဲ့အစည်းများဟာလည်း အလားတူပဲ ငြိမ်းချမ်းရေးကို မျှော်လင့်
တောင့်တနေကြတာ ဖြစ်ပါတယ်။ "ငြိမ်းချမ်းရေးမရရှိခဲ့တဲ့ အချိန်ကာလတုန်းက နှစ်ဖက်သော
အဖွဲ့အစည်းတွေဟာ သားတကွဲ မယားတကွဲနဲ့ နှစ်နဲ့ချီပြီး နယ်စပ်ဒေသတွေမှာ စားဝတ်နေရေး
ဒုက္ခအမျိုးမျိုးနဲ့ အသက်ခန္ဓာစတေးပြီး တာဝန်ထမ်းဆောင်ရတဲ့ ဒုက္ခတွေကို တပ်မတော်မှာ
တာဝန်ထမ်းဆောင်ဖူးသူတွေ၊ လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့ဖူးသူတွေအနေနဲ့ ကိုယ်တွေ့
ခံစားခဲ့ကြရတာမို့ 'ချိုမြိန်တဲ့အရသာ' မဟုတ်ဘဲ အလွန်တရာမှ 'ခါးသီးတဲ့အရသာ' တွေ
ဖြစ်တယ်ဆိုတာကို သိရှိနေကြမှာ ဖြစ်ပါတယ်။

"ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ထွက်ပေါ်လာခြင်းကို
များစွာ ကြိုဆိုဂုဏ်ပြုပါတယ်။ ဒီအပြင် ဒီစာချုပ် ထွက်ပေါ်လာအောင် ဦးစီးဆောင်ရွက်ပေးခဲ့တဲ့၊
နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးပေးခဲ့ကြတဲ့ ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေက
ပုဂ္ဂိုလ်အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်"ဟု ဆွေးနွေခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးတွေ့ဆုံးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါ၀င် ဆွေးနွေးရေးဟူသည့် ဖော်ပြချက်သည်
အလွန်သင့်လျှော် မှန်ကန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင်
တိုင်းရင်းသားလူမျိုး အသီးသီး၏ အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှု မရှိစေရန် တိုင်းရင်းသား
လူမျိုးများအားလုံး ပါ၀င်ဆွေးနွေးခွင့်ရရေးသည်လည်း အရေးကြီးကိစ္စရပ်တစ်ရပ် ဖြစ်သည်။

အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါ၀င် တက်ရောက်ဆွေးနွေးခွင့်ရှိသည့် တိုင်းရင်းသား
လူမျိုးများကို မည်သို့ သတ်မှတ်မည်နည်း၊ လက်ရှိ အတည်ပြုထားသည့် တိုင်းရင်းသားလူမျိုး
၁၃၅ မျိုးကိုသာ တက်ရောက်ခွင့် ပေးမည်လား၊ ၁၃၅ မျိုး စာရင်းတွင် မပါ၀င်သေးသည့်
ကျန်ရှိနေသည့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်စားလှယ်များ ပါ၀င် ဆွေးနွေးခွင့်ရှိရန်
မည်သို့ စီမံပေးမည်နည်း။

ပါ၀င်ဆွေးနွေးခွင့်ရရှိရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ အဆိုပြုလွှာများ ပေးပို့ရန်
တောင်းဆိုမည်လား၊ အစရှိသည့် အချက်များကို သေချာအောင် စီမံဆောင်ရွက်ပေးရန်
လိုအပ်သည်ဟု ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

"ဒါ့ပြင် ထိန်းချုပ်နယ်မြေတွေမှာ သမိုင်းအစဉ်အဆက် နေထိုင်ခဲ့ကြတဲ့ ဒေသခံ တိုင်းရင်းသား
လူမျိုးတွေရဲ့ နယ်မြေတွေ၊ အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးရခြင်း မရှိအောင် နိုင်ငံရေး
ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ကိုယ်စားလှယ်တွေ ပါ၀င်ဆွေးနွေးခွင့် ရရှိရေးကို
လိုအပ်ပါကြောင်း အလေးအနက်ဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်"ဟု ဦးစံပြည့်က ဆိုသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့က
ပါ၀င်ဆွေးနွေးရန် အမည်စာရင်း ပေးသွင်းခဲ့ကြသည်။

ကိုယ်စားလှယ် ၁၅ ဦး အမည်စာရင်း ပေးသွင်းထားသော်လည် အထက်ပါ ၁၂ ဦးသာ
ဆွေးနွေးနိုင်ခဲ့ပြီး ကျန်ကိုယ်စားလှယ် သုံးဦးမှာ ဒီဇင်ဘာ ၈ ရက်တွင် ထပ်မံကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆက်လက်ဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး