မွေးရေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ကြွေးကျန်ငွေ ပြန်မဆပ်နိုင်ပါက ထောင်ဒဏ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟုဆို

မွေးရေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ကြွေးကျန်ငွေ ပြန်မဆပ်နိုင်ပါက ထောင်ဒဏ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟုဆို

လက်ရှိအစိုးရ သက်တမ်းကာလ မကုန်ဆုံးမီ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
၀န်ကြီးဌာနသို့ ကြွေးကျန် ငွေပေးရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ ပြန်မဆပ်နိုင်ပါက ပြည်သူပိုင်ပစ္စည်းကို
ကိုယ်ကျိုးအဖြစ် သုံးစွဲမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် ကျခံရမည့်အပြင် ပိုင်ဆိုင်မှုများကိုလည်း
နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းသွားမည်ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က
ဒီဇင်ဘာ ၁၁ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါကြွေးကျန်ငွေများသည် ယခင် မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းလက်ထက်
ကျန်ရှိနေသည့် ငွေများဖြစ်ပြီး ကြွေးကျန် လုပ်ငန်းရှင်များကို ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုထားသော
အမှုပေါင်း ၆၃ မှုရှိခဲ့ရာ ယခုကာလတွင် ၂၈ မှု အကြွေးကျေပြီး ၃၅ မှု ကျန်ရှိနေသည်။

ထို့ကြောင့် လုပ်ငန်းရှင် ၂၈ ဦး အကြွေးပေးသွင်းရန် ကျန်ရှိနေပြီး ကြွေးကျန်ငွေစုစုပေါင်းမှာ
ငွေကျပ် ၂,၃၇၆ သန်းကျော် ရှိနေသည်။

"ကျေတဲ့လူတွေလည်း ကျေသွားပြီ၊ မကျေတဲ့ လူတွေကတော့ တရားစွဲထားတဲ့ ၂၈ ဦး တရားရုံး
ရောက်နေပြီ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းသွားမယ်၊ ပြစ်ဒဏ် အနည်းအများက သူ့ရဲ့ ချေးငှားနှုန်းနဲ့
သူ့ရဲ့ ပေးသွင်းမှုအပေါ် မူတည်ပြီး တရားရုံးက ဆုံးဖြတ်ပိုင်ခွင့်" ဟု ၎င်းကပြောသည်။

ကြွေးကျန်ငွေများ အားလုံးရရှိရန် လာမည့် ၂၀၁၆ ခုနှစ်၊ မတ်လကုန်အထိ ကာလ သတ်မှတ်
ဆောင်ရွက်နေပြီး မရရှိခဲ့ပါက အစိုးရသစ်လက်ထက်ကို ရောက်သွားနိုင်သည်ဟုလည်း
ဒေါက်တာခင်ဇော်က ဆိုသည်။

ရှေ့နေချုပ်ရုံး၏ အကြံဉာဏ်ဖြင့် ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟုလည်း
၎င်းက ပြောသည်။

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီကာလအတွင်းမှာ ကျန်ရှိတဲ့ အကြွေးတွေ ရရှိအောင်
ကြိုးပမ်းသွားမှာ ဖြစ်တယ်၊ ပြီးဆုံးအောင် အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။ မဆပ်တဲ့ သူတွေကတော့
တရားစွဲဆိုမှုနဲ့ တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်း သွားရမှာပေါ့" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်အစိုးရ၏ ငွေများဖြစ်သည့်အတွက် ၀န်ကြီးဌာနက တောင်းခံရခြင်းဖြစ်ပြီး မပေး၍
တရားစွဲဆိုရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင်က ဖွဲ့စည်းခဲ့သည့် မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းကို အရှုံးများနှင့်
ရင်ဆိုင်ခဲ့ရသည့်အတွက် ဖျက်သိမ်းခဲ့ရာ ထိုစဉ်က လုပ်ငန်းရှင်များက ကြွေးကျန်ငွေများ ပေးရန်
ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

"တရားဥပဒေကတော့ ဥပဒေကြောင်းအရပဲ သွားမှာပေါ့။ ကျွန်တော်က တောင်းတယ်၊ တောင်းလို့
မပေးတဲ့အတွက် တရားစွဲရတာဖြစ်တယ်။ ပေးတဲ့သူကိုတော့ အမှုရုပ်သိမ်းတာတွေ လုပ်ပေးနေတယ်၊
မပေးတဲ့ သူကတော့ ဥပဒေပိုင်းဆိုင်ရာ ပြစ်ဒဏ်ကျခံရမှာပေါ့" ဟု အထက်ပါ တာဝန်ရှိသူက
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး