ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ညီအစ်ကိုအရင်းကဲ့သို့ စုပေါင်းတာဝန်ခံ ဖြေရှင်းစေလိုဟု ဦးအောင်မင်းပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ညီအစ်ကိုအရင်းကဲ့သို့ စုပေါင်းတာဝန်ခံ ဖြေရှင်းစေလိုဟု ဦးအောင်မင်းပြော

ယနေ့အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ညီအစ်ကိုရင်းကဲ့သို့ ဆွေးနွေးနေနိုင်ပြီဖြစ်ရာ
တစ်ဖက်နှင့် တစ်ဖက် သူသာသည်၊ ငါသာသည်ဟု စိတ်တွင်းမထားဘဲ လုပ်သင့်
လုပ်ထိုက်သည်များကို လုပ်ဆောင်၍ စုပေါင်း တာဝန်ခံ ဖြေရှင်းစေလိုသည်ဟု UPJDC ၏
ဒုတိယဥက္ကဋ္ဌ၊ အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးအောင်မင်းက ဒီဇင်ဘာ ၁၄ ရက်က ပြည်ထောင်စု
ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ တတိယအကြိမ် အစည်းအဝေး အဖွင့်အမှာစကားတွင်
ထည့်သွင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို နေပြည်တော်ကောင်စီနယ်မြေ Horizon Lake View Resort တွင် ဒီဇင်ဘာ
၁၄ ရက် နံနက် ၁၀ နာရီ အချိန်မှ စတင်ကျငး်ပခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက "ငြိမ်းချမ်းရေးစတင်ခါစက တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ကန့်သတ်ချက်တွေအကြား
လုပ်ခဲ့ရပေမယ့် ယနေ့ ညီအစ်ကိုရင်းကဲ့သို့ လုပ်နိုင်တဲ့အချိန်မှာ သူသာတယ်၊ ကိုယ်သာတယ်
ဆိုတာထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြတယ်ဆိုတဲ့ စုပေါင်းတာဝန်ခံမှုနဲ့ ဖြေရှင်းကြပါဆိုတာ
ပြောကြားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စု လွှတ်တော်က
ဒီဇင်ဘာ ၈ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ စိုးရိမ်နေသကဲ့သို့ စိန်ခေါ်မှုဆိုတာကို ကျော်လွှားသွားပြီဖြစ်သည့်ပြင် တိုင်းရင်းသား
ပြည်သူများ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ၊ လူထု လူတန်းစားအသီးသီးက သံသယနဲ့ စိုးရိမ်နေတဲ့
နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ရဲ့ ပထမ ခြေလှမ်းပဲဖြစ်ပါကြောင်း
ပြောကြားသည်။

ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပါ၀င်မည့် အစုအဖွဲ့များ၏ ကိုယ်စားလှယ်
အချိုးအစားများကို ကျေလည်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲအပြီး
နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမည့် ကိုယ်စားလှယ်အချိုးအစားကို အကျေအလည်
သတ်မှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြုသည့်အခါမှာ နိုင်ငံရေး ဆွေးနွေးပွဲများ
စတင်ဆွေးနွေးနိုင်ရန်အတွက် အစုအဖွဲ့အသီးသီးက တာဝန်ခံခေါင်းဆောင် ကိုယ်စားလှယ်များ၏
ပူးပေါင်းဆောင်ရွက်မှုများသည် အနာဂတ် မြန်မာနိုင်ငံအတွက် များစွာအရေးကြီးကြောင်းဖြင့်
၎င်းက ပြောကြားခဲ့သည်။

"ရှေ့မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်သို့ အခြေပြုပြီး အမျိုးသားတန်းတူရေး၊ အချုပ်အခြာအာဏာ
တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသစ်တည်ဆောက်ရေးကို အကောင်းဆုံးရလဒ်တွေ
ရနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။
အခုကျန်ရှိနေတဲ့ ကိုယ်စားလှယ်အချိုးအစားနဲ့ အခြားဖိတ်ကြားသင့်တဲ့ ကိုယ်စားလှယ်များကိစ္စကို
အတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးအခင်းအကျင်းသစ်ဆိုတာကို လက်ခံနိုင်ရင်
ကျန်ရှိနေသေးတဲ့ ပြဿနာများကို ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်"ဟု ဦးအောင်မင်းက
ထည့်သွင်းပြောကြားခဲ့သည်။

"ဒီနေ့ ကျင်းပသည့် အစည်းအဝေးကို စုံညီစည်းအဝေးလို့ နာမည်ပေးထားပြီးတော့ အစိုးရ
တပ်မတော် လွှတ်တော်အစု အဖွဲ့က ၁၆ ယောက်၊ နိုင်ငံရေးပါတီများက ၁၆ ယောက်နဲ့ တိုင်းရင်းသား
လက်နက်ကိုင်ဘက်က ၁၆ ယောက် အားလုံး ၄၈ ယောက် တက်တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဒီနေ့နဲ့ မနက်ဖြန်မနက်မှာ မူဘောင်ကို အဆုံးသတ်နိုင်မယ်ဆိုရင် နက်ဖြန်နေ့လယ်ပိုင်းလောက်မှာ
ဂျေအမ်စီအမ်လို့ ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရပူးတွဲ ညှိနှိုင်းကော်မတီကို တင်ပြပြီးတော့
အတည်ပြုချက်ကိုယူပါမယ်။

အဲဒါပြီးတာနဲ့ နောက်ရက်တွေမှာ နိုင်ငံတော်ကို ပြီးစီးကြောင်းကို သတင်းပို့မယ်။ နိုင်ငံတော်ဘက်ကနေ
ပထမဆုံး နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ ခေါ်ယူဖို့ ကြေညာချက်ထုတ်ပေးဖို့ မျှော်လင့်ထားတယ်။

အဲဒါမှသာလျှင် အင်န်စီအေမှာ ပါတဲ့ နောက်ဆုံးအချိန် သတ်မှတ်ချက်ဖြစ်တဲ့ ရက်ပေါင်း ၉၀ ကို
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မတိုင်မီမှာ ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနေ့တော့ ထူးထူးခြားခြား အင်န်အယ်လ်ဒီအနေနဲ့လည်း သူတို့ရဲ့ စီအီးစီဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့
ဦးထွန်းထွန်းရှိန် ယူပီဒီဂျေစီ စုံညီအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တယ််။

အခုအင်န်စီအေမှာပါတဲ့ အချိန်ကန့်သတ်ချက်အရ ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲ
မူဘောင်ပြီးစီးဖို့ ဖြစ်ပါတယ်။

ဒီနေ့နဲ့ မနက်ဖြန်မှာ အင်န်စီအေပါတဲ့ကတိ ကဝတ်အတိုင်း နိုင်ငံရေးမူဘောင်ပြီးစီးဖို့ လုပ်တာဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ကြိုတင်ပြင်ဆင်လာမှာဖြစ်တဲ့အတွက် ဒီမှာအချောသတ်ဖို့ပါ။
အချောသတ်နိုင်မယ်ဆိုရင်တော့ အားလုံးလိုလားတောင်းတတဲ့ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့အတွက်
လက်နက်ကိုင်ပဋိပက္ခကအစ စားပွဲဝိုင်း ဆွေးနွေးပွဲကို စနိုင်ပါပြီ" ဟု အဆိုပါ အစည်းအဝေးနှင့်
စပ်လျဉ်း၍ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန၊ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက
အစည်းအဝေး မစတင်မီ သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး