စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ
လိုက်နာဆောင်ရွက်ပါမည်ဟူသည့် ကတိသစ္စာခံယူမှုတစ်ရပ်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းမီဒီယာ
ကောင်စီဝင်များက နိုင်ငံတော်သမ္မတရှေ့တွင် ကတိသစ္စာပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်
သဘင်ဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် မြန်မာနိုင်ငံ
သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားဟု နိုင်ငံပိုင် သတင်းစာများက
ဖော်ပြသည်။
သတင်းမီဒီယာကောင်စီဝင်များကို တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းရေးလုပ်ငန်းစဉ်ကို အသက်ဝင်အောင်
လုပ်ဆောင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က
အဖွင့်အမှာစကားတွင် တိုက်တွန်းပြောကြားခဲ့သည်။
အထက်ပါအကြောင်းအရာနှင့်အတူ "သတင်း မီဒီယာကောင်စီ၏ လုပ်ငန်းတာဝန်များဟာ
သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်သလို
သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကိုလည်း လိုက်နာ
ဆောင်ရွက်နိုင်အောင် အရည်အသွေးမြှင့်တင်ပေးရမယ့် တာဝန်ရှိကြောင်း တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတာဝန်များကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ ကောင်စီဟာ သတင်းမီဒီယာသမားများရဲ့
အခွင့်အရေးတစ်ခုတည်းကိုသာ ကာကွယ်ဖို့အတွက် မဟုတ်ဘဲ ပြည်သူများရဲ့ သတင်း သိပိုင်ခွင့်
ဖြည့်ဆည်းပေးရန်၊ ပြည်သူများ၊ သတင်းမီဒီယာများရဲ့ စောင့်ကြည့်ဝေဖန်ခြင်းကို ခံရမယ့်
မဏ္ဍိုင်များအနေနဲ့ မှန်ကန်တိကျပြီး အရည်အသွေးပြည့်ဝတဲ့ သတင်းအချက် အလက်များကိုရရှိစေရန်၊
စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်းများကို ထိန်းသိမ်းပေး ရန်ဆိုတဲ့ လုပ်ငန်းတာဝန်များပါ
ပါ၀င်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။
"အထက်ပါ တာဝန်များကို သတင်းမီဒီယာ ကောင်စီအနေနဲ့ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများနှင့်
အညီ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သတင်းမီဒီယာကောင်စီဟာ
ညှိနှိုင်းခြင်းနှင့် အရေးယူခြင်းအတွက်လည်း ဥပဒေ အရ ဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အာဏာ ရှိသော
အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းကို သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေများမှာ သေချာစွာ
ထည့်သွင်းပြဋ္ဌာန်းထားတာကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်း တာဝန်တွေကိုလည်း
သတင်းမီဒီယာကောင်စီ အနေဖြင့် ထုတ်ပြန်ပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ဆောင်ရွက်ပေးသွားကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်ကြား မှု ဖြေရှင်းရေးလုပ်ငန်းစဉ်များကို
ပွင့်လင်း မြင်သာစွာနဲ့ အများယုံကြည်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများနှင့်
ပတ်သက်ပြီး တရားရုံးမှာ ဖြေရှင်းမယ့်အစား သတင်းမီဒီယာကောင်စီ မှာ ဖြေရှင်းကြတယ်ဆိုတာကို
နိုင်ငံတကာ စာနယ်ဇင်းကောင်စီများရဲ့ ဖြစ်စဉ်များအရ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် သတင်း မီဒီယာ
ကောင်စီရဲ့ တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းရေး လုပ်ငန်းစဉ်ကို အသက်ဝင်အောင် လုပ်ဆောင်ဖို့အတွက်
အားလုံးပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦသိန်းစိန်က ၎င်း၏
အဖွင့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဆရာဖေမြင့်က ၂၀၁၅ ရွေးကောက် ပွဲအနိုင်ရရှိပြီး
အစိုးရသစ်ဖွဲ့နိုင်တော့မည့် အခြေအနေတွင် တရားဥပဒေစိုးမိုးရေးကို အဓိကထားကြွေးကြော်ခဲ့သည့်
အစိုးရမျိုး ဖြစ်သဖြင့် တရားဥပဒေရေးရာ၌ ပို၍ မျှမျှ တတ၊ မှန်မှန်ကန်ကန်လုပ်လိမ့်မည်ဟု ယူဆ ကြောင်း
အဆိုပါ ကတိသစ္စာခံယူပွဲအပြီး မြနန်းယုံဟိုတယ်တွင် မီဒီယာများသို့ ပြော ကြားခဲ့သည်။
"နောင်တက်လာမယ့် အစိုးရလက်ထက် မှာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကပိုပြီး ပီပီသသ
မှန်မှန်ကန်ကန် ရလာနိုင်တယ်လို့ မျှော်လင့်တယ်"ဟု ၎င်းက ဆိုသည်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သတင်းရပိုင်ခွင့်အပိုင်းအနေဖြင့် အားနည်းနေသေးကြောင်း၊
သတင်းသမားများကို ကာကွယ်နိုင်ရန်အတွက် ရှိနေသည့် ဥပဒေ များနှင့် အရေးယူဆောင်ရွက်နေခြင်း
များတွင် ပိုပြီး မျှမျှတတရှိရန် လိုအပ်သည့် အစိတ်အပိုင်းများလည်း ရှိနေသေးသောကြောင့်
အဆိုပါကိစ္စရပ်များကို ၀ိုင်းဝန်းလုပ်ဆောင် သွားရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"ပထမဆုံး ကျွန်တော်တို့ ၂၀၁၂ ဩဂုတ်လောက်မှာ စာပေစိစစ်ရေးတင်တာကို ရုပ်သိမ်းတယ်။
သူတို့မကြိုက်တဲ့ဟာ တစ်စုံ တစ်ခုဖြစ်လာလို့ရှိရင် ငြိစွန်းတယ်လို့ ထင်တဲ့ ဟာဆိုရင် တရားစွဲတဲ့နည်း
လုပ်တဲ့အခါကျတော့ မီဒီယာသမားတွေ အများကြီး အဖမ်းခံရတယ်။ ထောင်ချခံရတာတို့ရှိတယ်။
ဒီလိုဟာ တွေမဖြစ်အောင် ဆက်ပြီး ညှိနှိုင်းပြောဆို တာတွေ လုပ်ရဦးမယ်"ဟု ဆရာဖေမြင့်က
ပြောဆိုခဲ့သည်။
အဆိုပါ သတင်းမီဒီယာကောင်စီ ကတိ သစ္စာခံယူပွဲသို့ ကောင်စီဝင်များအပါအဝင် နိုင်ငံတော်သမ္မတ၊
ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုအစိုးရဝန်ကြီးများ၊
ဒုတိယ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

















