မြန်မာနိုင်ငံမှာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတော့မှာပါ။ အစိုးရသစ်နဲ့ တစ်ပြိုင်တည်း အာဆီယံ
စီးပွားရေးအသိုက်အဝန်းကြီးလည်း ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။
အဲဒါတွေနဲ့ဆက်စပ်ပြီး လိုက်ပါလာမှာကတော့ အခြေခံအဆောက်အအုံတွေပါ။ အဲဒီအထဲက
အိမ်၊ ခြံ၊ မြေရောင်းဝယ်မှုအနေအထားက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်းလာနိုင်သလို၊
ပုံမှန်အနေအထား ဒါမှမဟုတ် ပုံမှန်ထက်လျော့ကျသွားမလားဆိုတာ ရောင်းသူ၊ ၀ယ်သူတွေအပြင်
အခြား စီးပွားရေးသမားတွေကလည်း စောင့်ကြည့်နေကြပါတယ်။
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်အဖြစ် ၁၀ စုနှစ် တစ်ခုကျော်ကြာ ပေါ်ထွန်းလာခဲ့တဲ့
နေပြည်တော်မှာလည်း အိမ်၊ ခြံ၊ မြေအရောင်းအဝယ် ဈေးကွက်အနေအထားက လာမယ့်
အစိုးရသစ်လက်ထက်ကစပြီး နောင် ငါးနှစ်အတွင်းမှာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာက
စိတ်ဝင်စားဖွယ် တစ်ခုဖြစ်နေပါတယ်။
နေပြည်တော် အိမ်၊ ခြံ၊ မြေဈေးကွက်ကို အိမ်ပိုင်၊ မြေပိုင်ရှင် တော်တော်များများက လာမယ့်နှစ်မှာ
ဈေးကောင်းရနိုင်မယ်လို့ မျှော်မှန်းကြပေမယ့် အိမ်၊ ခြံ၊ မြေဈေးကွက် ကျွမ်းကျင်သူ တချို့ကတော့
အရောင်းအဝယ်အေးပြီး ပုံမှန်ဈေးနှုန်းထက်လည်း အများကြီး တက်မလာနိုင်ဘူးလို့
သုံးသပ်ထားကြပါတယ်။
ပျဉ်းမနားမြို့မှာ အခြေချနေထိုင်ပြီး ၁၀ စုနှစ်နီးပါး အိမ်၊ ခြံ၊ မြေအရောင်းအဝယ် လုပ်ကိုင်နေတဲ့
ကျွမ်းကျင်သူတစ်ဦးကတော့ လောလောဆယ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က စက်မှုဇုန်အတွင်း
အသေးစားနဲ့အလတ်စား စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ဆိုပြီး ၀န်ထမ်းဦးရေ ၃,၅၀၀ နဲ့ အထက်ကို
နေပြည်တော်စည်ပင်သာယာရေးကော်မတီက မြေကွက်တွေ ချထားပေးနေတယ်လို့ ဆိုပါတယ်။
"အခု အစိုးရအပြောင်းအလဲမှာ လက်ကျန်မြေကွက်တွေကို နေပြည်တော်စည်ပင်သာယာရေး
ကော်မတီ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အနားယူတော့မှာဆိုတော့ သူတို့ရဲ့ ဆိုင်ရာ ပုဂ္ဂိုလ်တွေကို
ပေးနေကြတယ်"လို့ ၎င်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အခုဆိုရင် နေပြည်တော်မှာ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဒက္ခိဏသီရိမြို့နယ်ဘက်အခြမ်းက
အသေးစားအလတ်စား စက်မှုဇုန်၊ ပုဗ္ပသီရိမြို့နယ်နဲ့ တပ်ကုန်းမြို့ နယ်အကြားမှာ စက်မှုဇုန်
တည်ဆောက်မယ်လို့ အသံတွေ ထွက်နေတဲ့ နေရာတချို့လည်း အရောင်းအဝယ်ဖြစ်လာနိုင်ပါတယ်။
"ဒက္ခိဏသီရိဘက်အခြမ်းကတော့ အဓိက မြေဈေးတက်လာနိုင်ခြေရှိတယ်၊ ဘာကြောင့်လဲဆိုတော့
စက်မှုဇုန်က ပြန်ပြီး အသက်ဝင်လာလို့ပါ၊ အရင် စက်မှုဇုန်က သက်ဝင်လှုပ်ရှားမှုမရှိလို့
ဈေးငြိမ်သက်ခဲ့ပေမယ့် အခုကတော့ မြေဈေးတွေကို သက်သက်သာသာနဲ့ ရနိုင်တဲ့
အတွက်ပါ"လို့လည်း အထက်ပါ မြေဈေးကွက် ကျွမ်းကျင်သူက ဆိုပါတယ်။
ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ မြေကွက်ဈေးကြီးလို့ဝယ်ပြီး စီးပွားရေးမလုပ်နိုင်တဲ့သူတွေက
နေပြည်တော်မှာ ဈေးသက်သာတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လာမယ့်နှစ်မှာ
ရှိလာနိုင်တယ်လို့ သူက သုံးသပ်ထားပါတယ်။
နေပြည်တော်မှာ အိမ်၊ ခြံ၊ မြေနဲ့ပတ်သက်လို့ အများရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့နေရာတွေကတော့
ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ရာဇဌာနီလမ်းဘေးက ဘောဂသီရိကားဝင်းနဲ့
နှင်းဆီပန်းအဝိုင်းတို့ဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နဲ့ ကျောက်မျက်အရောင်းပြခန်းအနီးက
သပြေကုန်းရပ်ကွက်တို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့တခြား သီရိမြို့သစ်တွေဖြစ်တဲ့ ပုဗ္ပသီရိ၊ ဒက္ခိဏသီရိ မြို့တွေကိုလည်း စိတ်ဝင်စားသူ
တချို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်အတွင်းက စတင်ပေါ်ပေါက်ခဲ့တဲ့ ပုဗ္ပသီရိမြို့သစ်ဆိုတာက အငြိမ်းစား
နိုင်ငံ့ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေ
လက်ထက်က ဖြစ်ပေါ် လာတာပါ။
အဲဒီမြို့မှာ အဓိကအားဖြင့် ငွေသိန်း ၃၀ နဲ့ ၄၀ လောက်သာရှိတဲ့ တန်ဖိုးနည်း အိမ်ရာတွေသာဖြစ်ပြီး
၀န်ကြီးဌာနတွေက အငြိမ်းစားဝန်ထမ်းတွေအတွက် မြေကွက်တွေဖော် အိမ်ရာတွေဆောက်ထားတဲ့
မြို့ရဲ့ တောင်ဘက်အခြမ်းက အရပ်ပုဗ္ဗနဲ့တပ်မ တော်က အငြိမ်းစားဝန်ထမ်းတွေအတွက် မြို့ရဲ့
မြောက်ဘက်အခြမ်းက တပ်ပုဗ္ဗလို့လည်း အများက ခေါ်ဝေါ်ကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပဖို့ ရှိခဲ့တာက တစ်ကြောင်း၊
၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ဖို့ ရှိခဲ့တာတွေကြောင့် အဲဒီနှစ်တွေ
မတိုင်မီ ၂၀၁၂ ခုနှစ်ကတည်းက နေပြည်တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေက လှုပ်ခတ်ခဲ့ပါတယ်။
သို့ပေမယ့် အဲဒီမြေဈေးနှုန်း လှုပ်ခတ်မှုဟာ အချိန်အတော်ကြာအောင် တောင့်မခံနိုင်ခဲ့ဘဲ
၂၀၁၃ ဆီးဂိမ်း မတိုင်မီ တစ်လအလိုမှာ ငြိမ်သက်သွားခဲ့ပါတယ်။
အဲဒီလိုပါပဲ ၂၀၁၄ ခုနှစ်မှာလည်း မြေဈေးနှုန်းတွေက သိသိသာသာ တက်လာတာ မရှိခဲ့ပါဘူး။
၁၀ စုနှစ်အတိုင်းအတာအရ ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် နေပြည်တော်က အိမ်၊ ခြံ၊
မြေဈေးကွက်ဟာ တက်လိုက်၊ ကျလိုက် အနေအထားနဲ့ကြိုက်ရောင်း၊ ကြိုက်ဝယ်အဖြစ်သာ
အခုအချိန်ကာလအထိရှိနေဆဲပါ။
တကယ်လို့ လာမယ့်နှစ်မှာ စတင်ပေါ်ပေါက်လာမယ့် အစိုးရသစ်က နေပြည်တော်ထဲက မြို့၊ ရွာတွေ
ဖွ့ံဖြိုးတိုးတက်အောင် ဘယ်လိုစီမံဆောင်ရွက်မှာလဲ၊ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ရရှိအောင်
ဘယ်လိုလုပ်ပေးမှာလဲ စတာတွေဟာ အိမ်၊ ခြံ၊ မြေအရောင်း အဝယ်ကောင်းမွန် လာစေဖို့ အဓိက
သော့ချက်ဖြစ်ပါတယ်။
လက်ရှိ နေပြည်တော်ရဲ့ အိမ်၊ ခြံ၊ မြေဈေး ကွက်ကတော့ နေရာအနေအထားအပေါ် မူတည်ပြီး
ပျဉ်းမနားမြို့မှာဆိုရင် ပေ ၄၀၊ ၆၀ မြေကွက်တစ်ကွက်ကို အနည်းဆုံး ကျပ် သိန်း ရ၀ ကနေ
သိန်း ၃၀၀ ကျော်အထိ ဈေးခေါ်နေကြပါတယ်။
အဲဒီလိုပဲ ဘောဂသီရိ ကားဝင်းအနီးတစ်ဝိုက်မှာရှိတဲ့ မြေကွက် ပေ ၆၀၊ ၈၀ တစ်ကွက်ကို
ကျပ်သိန်း ရ၀၀ ဈေးပေါက်နေပြီး တချို့ဆိုရင် နှစ်ကွက်တွဲကို ကျပ်သိန်း ၁,၄၀၀ နှုန်းနဲ့ဈေးခေါ်ထားတာ
တွေလည်း ရှိနေပါတယ်။
လယ်ဝေးမြို့ဘက် အခြမ်းမှာဆိုရင်လည်း မြို့တွင်း အရောင်းအဝယ်ထက် ဒက္ခိဏသီရိမြို့က စက်မှုဇုန်နဲ့
ဆက်စပ်နေတဲ့ နေရာမှာပဲ ပေ ၈၀ ပတ်လည် မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့
အရောင်းအဝယ်ဖြစ်လေ့ ဖြစ်ထရှိနေပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် နေပြည်တော်မှာ အိမ်၊ ခြံ၊ မြေအရောင်းအဝယ်ဖြစ်တဲ့ နေရာကတော့
အထင်ကရအဆောက် အအုံတွေရှိနေတဲ့ အနီးပတ်ဝန်းကျင် တစ်ဝိုက်သာ ဖြစ်နေတာပါ။
ငွေကြေးတတ်နိုင်သူတွေ အများစုနေထိုင်တဲ့ ဥတ္တရသီရိမြို့နယ်ဘက်အခြမ်းမှာကတော့ ပေ ၆၀၊ ၈၀
မြေကွက်တစ်ကိုပင် အနည်းဆုံး ကျပ်သိန်း ၅၀၀ နဲ့ ရ၀၀ ကြား ရှိနေပြီး အဲဒီမြို့နဲ့ ဆက်စပ်တည်ရှိနေတဲ့
ပုဗ္ပသီရိမြို့မှာလည်း နေရာအနေအထားအပေါ်မူတည်ပြီး ပေ ၆၀၊ ၈၀ မြေကွက်တစ်ကွက်ကို
အနည်းဆုံး ကျပ်သိန်း ၁၈၀ ကနေ သိန်း ၂၀၀ အထိ ပေါက်နေပါတယ်။
ပေ ၄၀၊ ၆၀မြေကွက်ဆိုရင်တော့ တစ်ကွက်ချင်းကို အတွင်းပိုင်းကျရင်တော့ ကျပ်သိန်း ၅၀ ကနေ
သိန်း ၁၀၀ အကြားသာ ရှိနေတယ်လို့ နေထိုင်သူ မြို့ခံတွေက ဆိုကြပါတယ်။
"ဒီမြို့မှာ မြေကွက်ဈေးက ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်လောက်က စပြီးအသက်ဝင်ခဲ့တာ၊ အဲဒီတုန်းကဆိုရင်
ပေ ၄၀၊ ၆၀ မြေကွက် တစ်ကွက်တည်းကို ဒီမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဧရာဝတီလမ်းဘေးမှာ
သိန်း ၅၀၀ လောက်အထိ ပေါက်ခဲ့တယ်၊ နောက်ပိုင်း လူစိတ်ဝင်စားမှုနည်းလာပြီး မြေဈေးက
ပုံမှန်ထက် တဖြည်းဖြည်းလျော့ကျသွားခဲ့တာ" လို့ ပုဗ္ဗသီရိမြို့တွင်းရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့
အငြိမ်းစား ၀န်ထမ်းတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပုဗ္ပသီရိမြို့သစ်ဟာ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်တဲ့ နေပြည်တော်ဘူတာကြီး
ရှိနေပေမယ့်လည်း အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးအခြေချလုပ်ကိုင်သူလည်း နည်းပါးတဲ့အတွက်
စိတ်ဝင်စားမှုနည်းပါးလာရတာလို့လည်း မြေဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ဇမ္ဗူသီရိမြို့ဘက်အခြမ်းမှာတော့ အရင်က မြေဈေး ကျပ်သိန်းထောင်ကျော် မြောက်ခဲ့တဲ့
ရွှေကြာပင်ရပ်ကွက်ဟာ အခုဆိုရင် ပေ ၄၀၊ ၆၀၊ ပေ ၆၀၊ ၈၀ မြေကွက် တစ်ကွက်ကို
ကျပ်သိန်း ၅၀၀ နဲ့ ၆၀၀အကြား ပဲရှိပါတော့တယ်။
အဲဒီနေရာက ကျောက်မျက်ဇုန်နဲ့ နီးတဲ့အတွက် အရင်က ဈေးကောင်းရခဲ့ပေမယ့်လည်း
အေးစက်ငြိမ်သက်နေတဲ့ ကျောက်မျက်ဇုန်ကြောင့် အခုလို မြေဈေးတွေ သိသိသာသာ
ကျဆင်းသွားခဲ့ရတာပါ။
မဏိရတနာကျောက် မျက်ပြခန်းနဲ့ ကပ်လျက်ရှိနေတဲ့ သပြေကုန်း ရပ်ကွက်ဆိုတာကလည်း အရင်က
ပေ ၄၀၊ ၆၀ မြေကွက် တစ်ကွက်ကို ကျပ်သိန်း ၁,၀၀၀ ကနေ ၁,၅၀၀ အကြား၊ အိမ်နဲ့မြေပါပြီး
နေရာလည်းကောင်းတယ်ဆိုရင် သိန်း ၂,၀၀၀ ကျော်အထိ ရှိခဲ့တဲ့နေရာ တစ်ခုပါ။
အခုတော့ အဲဒီ မြေဈေးနှုန်းတွေရဲ့ အောက်မှာသာ ရှိနေပါပြီ။
နေပြည်တော်မြို့တော် စဖြစ်ကတည်းက အိမ်၊ ခြံ၊ မြေပွဲစားအဖြစ် လုပ်ကိုင်နေသူ ဒေါ်ငယ်လေးကတော့
"ဒီနှစ်ထဲမှာ အရင်နှစ်တွေကထက် မြေဈေးနှုန်းတွေက အများကြီး ကွာခြားလွန်းတယ်၊
အရောင်းအဝယ်လည်း ဖြစ်တာ နည်းလွန်းတယ်၊ လာမယ့်နှစ်မှာ အစိုးရ သစ်အုပ်ချုပ်တော့မှာဆိုတော့
ဆက်စပ်ပြီး မြေဈေးနှုန်းတွေ တစ်စတစ်စနဲ့ တက်လာမယ်၊ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့
ထင်တယ်"လို့ ဆိုပါတယ်။
နေပြည်တော်မှာ လူစိတ်ဝင်စားမှု အနည်းဆုံးနေရာတစ်ခုကတော့ စစ်ဘက်ဆိုင်ရာ
အဆောက်အအုံတွေ အများစုတည်ရှိတဲ့ ဇေယျာသီရိမြို့နယ်ပဲ ဖြစ်ပါတယ်။
အဲဒီမြို့မှာ အထင်ကရနေရာတွေဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျယဉ်၊ တပ်မတော်ပန်းခြံနဲ့
တပ်မတော်စစ်သမိုင်းပြတိုက်တွေ ရှိနေပေမယ့်လည်း အရောင်းအဝယ် ဖြစ်လေ့ ဖြစ်ထရှိတဲ့
နေရာကတော့ ရွာဘက်အခြမ်းတွေသာဖြစ်ပြီး ပေ ၄၀၊ ၆၀ မြေကွက် တစ်ကွက်ကို ကျပ်သိန်း ၄၀ နဲ့
သိန်း ရ၀ အကြားသာရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
"ဒီဘက်မှာက ပုဗ္ပသီရိမှာလိုပဲ အလုပ်အကိုင်က ရှားတယ်၊ ဒါကြောင့် စီးပွားရေးလုပ်တဲ့သူတွေလည်း
နေရာအနေအထားကို ကြည့်ပြီး ရှုံးမှာစိုးလို့ သိပ်မဝယ်ရဲကြဘူး။ နောက်တစ်ချက်က စစ်တပ်အုပ်ချုပ်မှုနဲ့
အနီးကပ် ရှိနေတာကြောင့်လည်းပါတယ်" လို့ ဇေယျာသီရိမြို့နယ်၊ နန်းဩရွာမှာ နေထိုင်တဲ့ ဒေသခံ
ဦးအောင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
နေပြည်တော်က အိမ်၊ ခြံ၊ မြေတွေကို အများ ဆုံးဝယ်တဲ့သူတွေကတော့ တရုတ်လူမျိုးတွေပဲဖြစ်ပြီး
ပြည်တွင်းကဆိုရင် ရန်ကုန်၊ မန္တလေးက ကုမ္ပဏီတွေ ရုံးခွဲတွေ ဖွင့်ဖို့၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့
မြောက်ပိုင်းဘက်တွေက ငွေကြေးတတ်နိုင်တဲ့ပြင် ငွေပို၊ ငွေလျှံရှိသူတွေက အဆောက်အအုံတွေ
ဆောက်ပြီး စီးပွားရေး လုပ်ဖို့၊ မြေကွက်တွေကို ၀ယ်ယူပြီး ဈေးတက်လာရင် ပြန်ရောင်းဖို့
စတဲ့မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံထားကြတာပဲဖြစ်ပါတယ်။
အဲဒါကြောင့် လာမယ့်အစိုးရသစ်နဲ့ ဆက်စပ်ပြီး နေပြည်တော်ရဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်အနေအထား
သိသိသာသာတိုးတက် ပြောင်းလဲလာမလား၊ ပုံမှန်အဖြစ်သာရှိနေဦးမလားဆိုတဲ့ မေးခွန်းတွေနဲ့
ရင်းနှီးမြှုပ်နှံမယ့် သူတွေကတော့ စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။

















