ကချင်ပြည်နယ် ဖားကန့်ဒေသတွင် လတ်တလော ဖြစ်ပေါ်နေမှုများနှင့် စပ်လျဉ်းသည့် အရေးကြီး
အဆိုတစ်ခုကို သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြည်ထောင်စု
လွှတ်တော်သို့ တင်သွင်းထားပြီး အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်သော အချက်အလက်များကို
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဆောလျင်စွာ
ဆောင်ရွက်ပေးရန် သဝဏ်လွှာတစ်စောင် ထပ်ဆင့်ပေးပို့ခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်
ဖြစ်သော ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ်များသို့ အထက်ပါ သဝဏ်လွှာနှင့် ပတ်သက်၍ ဖတ်ကြားရှင်းလင်းခဲ့သည်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မြေစာတောင် ပြိုကျမှုများကြောင့် ပြည်သူ အချို့၏
အသက်အိုးအိမ်များ မကြာခဏ ဆုံးရှုံးလျက်ရှိခြင်း၊ လတ်တလောကာလတွင်လည်း စွမ်းအားကြီးသော
စက်ကြီးများ၊ မြေသယ်ယာဉ်များ ပိုမိုအသုံးပြုပြီး တူးဖော်မှုများ အလွန်အကျွံပြုလုပ်လျှက်ရှိခြင်း
တို့ကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏
ဖြေရှင်းဆောင်ရွက်မှု အခြေအနေကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမြန်ဆုံး
ရှင်းလင်းတင်ပြသင့်ကြောင်း အရေးကြီးအဆိုတစ်ရပ်ကို သာပေါင်း မဲဆန္ဒနယ် ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပေးပို့ထားကြောင်း သူရ ဦးရွှေမန်းက အစည်းအဝေးတွင်
ထည့်သွင်း ပြောဆိုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဖြစ်ရပ်များအပေါ် အခြေခံ၍
ဒေသခံများအပြင် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများနှင့် အထင်အမြင် လွဲမှားမှုများ ရှိနေသကဲ့သို့
သတင်းမီဒီယာများတွင်လည်း ထင်မြင်ပြောဆိုမှု အမျိုးမျိုးဖြင့် ဝေဖန်ပြောဆိုနေသဖြင့် နိုင်ငံတော်နှင့်
နိုင်ငံသားများအတွက် ဂုဏ်သိက္ခာထိခိုက်မှုများ ရှိနိုင်သည်ဟု သုံးသပ်ရရှိပါကြောင်း ပြောကြားသည်။
အထက်ပါ ကိစ္စရပ်ကို လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်း ဆွေးနွေးခြင်းမပြုခဲ့ဘဲ။
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဌာန အသီးသီးက
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောလျင်စွာ လာရောက် ရှင်းလင်း တင်ပြပေးနိုင်ရန်
သဝဏ်လွှာပေးပို့ခြင်းဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည့် အထက်ပါ
သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း သူရဦးရွှေမန်းက ကြေညာခဲ့သည်။

















